တော်လိုက်တဲ့ကျောင်းသား

by - January 02, 2020


တက္ကသိုလ် တခုတွင် လူတွေ့ စစ်မေးပွဲ ပြုလုပ်နေသည် ။
အခန်းထဲသို့ ပထမ ကျောင်းသား ဝင်လာသည် ။ ပါမောက္ခက မေးသည် ။

" အလင်း (Light) နဲ့ အသံ (Sound) ၊ ဘယ်ဟာ က ပိုမြန်သလဲ ? "

" အလင်းပါ "

" ဘာကြောင့် ပြောနိုင်သလဲ "

" ကျွန်တော် ရေဒီယို ဖွင့်လိုက်တဲ့ အခါ ပထမ လင်းလာတယ် ၊
အဲဒီနောက်မှ အသံ ထွက်လာလို့ပါ "

ပါမောက္ခ စိတ်တိုစွာ အော်သည် ။

" ထွက်သွားစမ်း !! "

ဒုတိယကျောင်းသား ဝင်လာသည် ။ ပါမောက္ခ စောစောက မေးခွန်းကိုပဲ မေးသည် ။

" အလင်းနဲ့ အသံ ဘယ်ဟာက ပိုမြန်သလဲ "

" အသံပါ "

" ဘာကြောင့် ပြောနိုင် သလဲ "

" ကျွန်တော် ရုပ်မြင်သံကြားစက် ကို ဖွင့်လိုက်တဲ့ အခါ ပထမ အသံကို ကြားရတယ်
နောက်မှ အရုပ် ပေါ်လာလို့ပါ "

" ထွက်သွားစမ်း !! "

ပါမောက္ခ စဉ်းစားသည် ။
' ကျောင်းသားတွေကပဲ ညံ့လွန်း လို့လား ၊ ဒါမှမဟုတ် ငါမေးတဲ့ မေးခွန်းတွေ ကပဲ ခက်လွန်း လို့လား '

တတိယ ကျောင်းသား ဝင်လာသည် ။

ပါမောက္ခ ဖြည်းဖြည်းချင်း မေးသည် ။

" ဆိုကြပါစို့ ... မင်းဟာ ဒီဘက်က တောင်ကုန်းပေါ်မှာ ရှိနေတယ် ၊
ဆန့်ကျင်ဘက် တောင်ကုန်းမှာ အမြောက်ကြီး တလက် ရှိနေတယ် ၊
အဲဒီ အမြောက်ကနေ ပစ်လိုက်တယ် ဆိုပါစို့ ၊
မင်းဘာကို အရင် သတိထားမိ မလဲ
အမြောက်ပြောင်းက ထွက်တဲ့ မီးပွင့်လား ၊ ပေါက်ကွဲသံ ကိုလား "

" အမြောက်ပြောင်းက ထွက်တဲ့ မီးပွင့်ကိုပေါ့ ခင်ဗျာ "

ပါမောက္ခကြီး စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆက်မေးသည် ။

" အဲဒါကို ဘယ်လို ရှင်းပြမလဲ ကွဲ့ "

စက္ကန့် အနည်းငယ် စဉ်းစားပြီး ကျောင်းသားက ပြန်ဖြေသည် ။

" မျက်စိက နားထက် ရှေ့ကို နည်းနည်း ပိုရောက်နေတယ် မဟုတ်လား ခင်ဗျာ "

😁😁😁
MgKaungHtike

You May Also Like

0 comments