လင်နဲ့မယား

by - January 02, 2020


" ကိုအဟွာ .… … ထတော့
ကျျွန်မအတွက် အီကြာကွေး မရဘဲ နေမယ် "

ဘယ်သူထင်တုံး … လေဒီမျိုးလို့ ခေါ်တဲ့ ကျုပ် မဟေသီပေါ့ ။ ရည်းစား ဘဝက ဆို လက်ဖက်ရည် တခွက် မကုန်လို့ ကျုပ် ယူသောက်ရသေးတယ် ။ စားပွဲထိုး ကတောင်
" အကိုရယ် … သောက်ချင် နောက်တခွက် မှာပါ့လား " အပြော ခံရတယ် ။

ခုကျ ……
နွားနို့တိုင်ကီနဲ့ အီကြာကွေးနဲ့မှ တင်းတိမ်ရုံ ရှိတယ် ။ ၁၁ နာရီလောက်ဆို ထမင်း တွယ်တော့တာပဲ ။ ပြောသေးတာ
" မနက်စာ မစားဖြစ်တော့ … ဆာတယ် " တဲ့လေ

နေ့လည် ဆိုလည်း လာသမျှ ဈေးသည် အကုန် ခေါ်ဝယ်စားတော့ တာပဲ ။ ချစ်သူ ဘဝကဆို ချစ်က အစားအသောက် တအား နည်းလို့ အိမ်က ဆူတယ် ပြောသေးတယ် ။ အသံလည်း ထွက်တယ် ဆိုရုံပဲ မကြားလို့ ခဏ ခဏ ပြန်ပြန် မေးရတယ် ။ ခုကျ နားတွေ ပင်းအောင် နားထောင်ရတယ် ။

" ဟိုအဟွာ … ရှင်ယူထားတာ မိန်းမနော်
ပြန်မပြော နားမထောင် မလုပ်နဲ့ "

" အေးပါ … … မိန်းမရာ သိပါတယ်"

" နရင်း ရိုက်ပစ် လိုက်လို့ …… ကြယ်တွေ လတွေ မြင်သွားမယ် "

ချစ်သူ ဘဝက နည်းနည်း အော်မိတယ် ။ ငိုလို့ ချော့လိုက်ရတာ တပတ် ဆယ်ရက်လောက် ကြာတယ် ။ ခုကျ သူကပဲ နင်းကန်ပြော နင်းကန် နှက်မယ် ဆိုတာ ချည်းပဲ ။

တကယ်ဆို ချစ်သူ ဘဝလို တီတီတာတာလေး ပြောဆို နေချင် တာပေါ့ ။ ထမင်းစား ရင်တောင် ကဗျာဆန်ဆန်
" ကို့အတွက် … … အသဲအမြစ် ချက်ထားတယ်
ရေ အရင် ချိုးလိုက် … ချစ် ထမင်းပွဲ ပြင်နှင့်မယ် " အဲလိုလေး တွေပေါ့

ခုကျ … …
" ကို … ရေချိုးလိုက် အုံးမယ်နော် "

" ရှင့်ဟာရှင် ချိုးချင်ချိုး မချိုးချင်နေ
ကျွန်မက ဆာတယ် စားနှင့်မယ် "

ညအိပ်ပြီ ဆိုလည်း
" ကို … ရုံးမှာ ပင်ပန်းလာတယ် မလား
ချစ် နင်းနှိပ် ပေးမယ်နော် "

" ရပါတယ် … ကို နေသာပါတယ်ကွယ် " အဲလို အဲလို လေးတွေ

ခုကျ ……
" ကိုအဟွ ာ… … ဇက်ကြောလေး ဆွဲပေးပါအုံး
နေ့လည်က ဒညုင်းသီးတွေ စားလို့ အကြော တက်နေတာ "

" သြော် … … အေး အေး "

ကျုပ်နှိပ်လို့ ၁၅ မိနစ် မကြာသေးဘူး ။ ' ခလူး ခလော ' နဲ့ အိပ်ပျော်သွားရော့ ။

ကြာတော့ ဒင်းကို စိတ်ပျက် လာပြီ ။ သူများ ပြောသလို စမောလေး ဘာလေး ဆွဲချင်စိတ်တောင် ပေါက်တယ် ။ ဒါနဲ့ သူငယ်ချင်း တိုင်ပင် ကြည့်တယ် ။

" ဟေ့ကောင် … … ငါ နောက်မီး လင်းရင် ကောင်းမလားဟင် "

" ငါ့ကောင်ရယ် … … ရှေ့မီး ထိန်အောင် အရင် ထွန်းပါအုံး "

" ဟင် … … … … … "

တနေ့ပေါ့
ကျုပ်က ရုံးမှ ာတအား ပင်ပန်းလာတယ် ။ ဒင်းက
" ဟိုအဟွာ … … … ခေါက်ဆွဲကြော် မဝယ်ခဲ့ ဘူးလား
အိမ်မှာ ဟင်းမရှိပါဘူး ပြောလိုက်တာကို "

" ဒီမယ် … … မင့်ဟာမင့် စားချင် မင့်မအေ အိမ် ပြန်စားကွာ  …
ပင်ပန်းလာရတဲ့ ကြားတဲ့ "

ဘာပြောကောင်းမလဲ … ဘာမှကို ပြောမကောင်းတာ ။ အိမ်ကနေ ဆင်းသွားတော့ တာပဲ ။ နေပေါ့ လိုက်မခေါ်နိုင်ပါဘူး ။ ယောင်္ကျားဈေး ကျတယ်ဆို နေလိုက်တယ် ။

တပတ်လောက် ကြာတော့

ထမင်းစားရင် ဘေးက အသံ မကြားရတော့ စားမဝင်ဘူး ။ ညအိပ်ရင်လည်း နင်းနှိပ် မပေးရ လို့လား မသိ ကျုပ်မှာ ညောင်းညာနေတာပဲ ။ မနက် လက်ဖက်ရည်ဆိုင် ထိုင်တော့လည်း အီကြာကွေး ကိုင်ကြည့်ရင်း သူ့ကို သတိရနေ မိတယ် ။

ဒီလိုနဲ့ … …
သူ့မအေအိမ်ရှေ့ ဖြတ်ဖြတ် သွားမိတယ် ။ ပထမရက်က မတွေ့ဘူး ။ ဒုတိယရက်ကျ တွေ့ပါပြီဗျာ ။ ဗိုက်ကလေး ပူပူလေးနဲ့ သာကူဂျုံယို သောက်နေတယ် ။ ကျုပ်မှာလေ သူ့ကို ကြည့်ရင်း သူအဆင်ပြေနေ ပါတာပဲဆို လှည့်ပြန်ခဲ့ မိတယ် ။
နည်းနည်း ကြာတော့ မနေနိုင်ပြန်ဘူး ထပ်သွား မိပြန်တယ်
" မုန့်ဖက်ထုပ်သည် … လာအုံး "

ကျုပ်လွမ်းနေတဲ့ အသံလေး ရင်ထဲ သိပ်ကို အောက်မေ့မိ တော့တာပဲ ။ ကျုပ်လည်း ခပ်တည်တည်နဲ့ အိမ်ထဲ လိုက်သွားတယ်

" ကိုအဟွာ … … … "

" ဗျ ာ………"

" ဗျာမနေနဲ့ … ဘာလာလုပ်တာလဲ "

" ဟွာလေ … ဟွာ မုန့်ဖက်ထုပ်ဝင်ဝယ်တာပေါ့"

"သြော်……ချစ်ကို လွမ်းလို့ လာခေါ်တာ မဟုတ်ဘူးပေါ့ "

" မဟုတ်ဘူး…ဟုတ်တယ် "

" ကိုအဟွာ………ရှင်မှ မေ့နိုင်တယ်ဆို ထားခဲ့ပါတော့
ကျွန်မကတော့ ရှင်လာခေါ်မယ့် အချိန် စောင့်နေအုံးမှာပါ"

" မိန်းမရယ် … … … "

" ကိုအဟွာရယ် … … … "

ကျုပ်တို့ အလွမ်း သည်နေတာကို ကြားထဲ မုန့်ဖက်ထုပ်သည်က ငေးကြည့်ရင်း ထငိုတော့တာပဲ
" ကိုအဟွာရယ် … … လာကြည့်ပါအုံးတော့"

" ဟင် … အစ်မ ဘာဖြစ်တာလဲ"

" အစ်မရယ် … သွားလေသူ ကျွန်မ ကိုအဟွာကို သတိရသွား လို့ပါတော် "

" ဟင် … … … "

" သူက ကျွန်မကို ဒီက အစ်ကိုလို သိပ်ချစ်တာ
အပြင်က ပြန်လာ မုန့်တွေ ပါ ပါလာတယ်လေ "

" သြော် .… အဲလိုလား "

" အစ်မတို့ လင်မယားကို မြင်တော့ အဟောင်းက အသစ်ဖြစ်တယ် …
အိမ်က ကိုကျော်ကြီး ကြားရင် အရိုက် ခံရအုံးမယ် … ပြန်ပြီတော် "

" ကိုကျော်ကြီး ဆိုတာက … … … "

" ကျွန်မ ယူထားတဲ့ နောက်ယောင်္ကျားလေ "

" ဟင့် … … … "

ကျုပ်တို့ လင်မယား ပြန်တည့်တဲ့ အထိမ်းအမှတ်နဲ့ ညစာ ဆိုင်သွားစား ကြတယ် ။ ကျုပ်ကလည်း ချစ်သူဘဝကလို အဝတ်အစား အသစ်တွေ နဲ့ပေါ့ ။ သူကလည်း အပျိုလေးလို ရှက်ကိုး ရှက်ကန်းနဲ့
" ချစ် … … ဘာစားမလဲ "

" ဟာ … … ကို စားတာ စားမယ်လေ နော် "

" အဲဒါဆို … … ခေါက်ဆွဲကြော် မှာလိုက်မယ်
ကိုတို့ မျှတ စားကြတာပေါ့ "

" ဟုတ် … … ကို "

မဆိုးဘူးဗျ ။ လင်မယားဆိုတာ တခါတလေ ရန်ဖြစ် စကား များပြီးရင် ပို ချစ်တတ်လာ ကြတယ် ။ ကျုပ်လိုချင်တဲ့ ရိုမန်တစ် ဆန်ဆန်လေးတွေ နဲ့ပေါ့ ။ အိမ်ပြန်တော့လည်း ဆက်လက် ကြည်နူး စရာလေးတွေ ရှိသေးတယ်နော် … … ကိုယ့်လူတို့

အိမ်ပြန်ရောက်တော့

" ကိုအဟွာ … … … … … ဇက်ကြော ဆွဲပေးပါအုံးနော် "

" ငင့် … … … …… … … "

😁😁😁
MyoAungKhaing
စကားလုံးမရှိသောကောင်းကင်

You May Also Like

0 comments