စိန်ဖြစ်သွားတဲ့ မျက်ရည်တွေ

by - December 08, 2019


တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီဘုရင်ကြီးမှာ ချစ်စရာကောင်းတဲ့ သမီးနှစ်ယောက်ရှိတယ်။ အဲဒီဘုရင်ကြီးရဲ့ မိဘုရားကြီးကတော့ ဆုံးပါးသွားတယ်။ အဲဒါနဲ့ ဘုရင်ကြီးဟာ နောက်ထပ်မိန်းမတစ်ယောက် ယူလိုက်တယ်။ သူယူလိုက်တဲ့ မိန်းမဟာ ဝမ်းတွင်းစုန်းတစ်ယောက်ဖြစ်တယ်။

တစ်နေ့တော့ ကလေးနှစ်ယောက်လုံး အလွန်ငိုကြတယ်။ ဒီတော့ မိဘုရားကြီးကလဲ ဒီလောက်ငိုတဲ့ ကလေးတွေ ပညာပေးရမယ် ဆိုပြီးတော့ မှော်ဆေးရည်တစ်မျိုးပြုလုပ်ပြီးတော့ ကလေးတွေကို တိုက်ပြီး ကျိန်စာ တိုက်လိုက်တယ်။ ကျိန်စာကတော့ သူတို့ နှစ်ယောက်ငိုရင် မျက်ရည်တွေက စိန်တွေဖြစ်ပါစေဆိုပြီးတော့ပေါ့။

ပြီးတော့ ဘုရင်ကြိးကို ဒီအကြောင်းပြောပြလိုက်တယ်။ ဘုရင်ကြီးက အလွန်ဝမ်းသာသွားတယ်။ သူကိုယ်တိုင်သွားကြည့်တော့လဲ စိန်တွေ ကျနေတယ်။ ဘုရင်ကြီးက ဒါတွေဟာ နတ်တွေ ဖန်ဆင်းပေးတာဖြစ်ရမယ် ဆိုပြီးတော့ ပျော်နေတယ်။

အဲဒီနေ့ ကစပြီးတော့ မင်းသမီးနှစ်ယောက်လုံးကို အမြဲငိုအောင် ဘုရင်ကြီးက ထားတယ်။ ရိုက်တယ်၊ အလိုမကျအောင် လုပ်တယ်၊ မင်းသမီးတွေက ငိုတော့ စိန်တွေကျတယ် ဒီလိုနဲ့ ဘုရင်ကြိးဟာ ချမ်းသာသထက် ချမ်းသာလာတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ မင်းသမီးလေးတွေကို ဘုရင်ကြီးက အိမ်ထောင်ချပေးဖို့ စဉ်းစားတယ်။ မင်းသမီးလေးတွေကတော့ ဘုရင်ကြီးကို တစ်ခုတောင်းဆိုတယ်။ သူတို့ချစ်တဲ့ သူကို ယူမယ်ပေါ့။ ဘုရင်ကြီးကလဲ သဘောတူလိုက်တယ်။ အဲလိုနဲ့ ပထမ မင်းသမီးလေးတစ်ယောက်က မင်းသားလေးတစ်ပါးနဲ့ ညားပြီး မင်းသားလေးတိုင်းပြည်ကို လိုက်သွားတယ်။

နောက်မင်းသမီးလေးကတော့ လယ်သမားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီးတော့ လယ်သမားနဲ့ လယ်တောထဲလိုက်သွားတယ်။

အချိန်တွေ ကြာလာတဲ့အခါ ဘုရင်ကြီးက မင်းသမီးလေးတွေကို လွမ်းလို့သူတို့ နေတဲ့ နေရာတွေကို လိုက်သွားဖို့ ထွက်လာတယ်။ ပထမမင်းသမီးလေးကတော့ စိန်တွေ အပြည့်နဲ့ နန်းတော်ကြီးမှာ မင်းသားလေးနဲ့ နေထိုင်တယ်။ မင်းသားလေးက အချိန်ရှိတိုင်း မင်းသမီးလေးကို ငိုအောင် မျက်ရည်ကျအောင် အမျိုးမျိုး နှိပ်စက်နေတာကိုတွေ့တယ်။ အဲဒါနဲ့ ဘုရင်ကြီးလဲ ခဏနေပြီးပြန်လာခဲ့တယ်။

ဒီလိုနဲ့ လယ်တောအိမ်ကို လိုက်သွားတယ်။ သူ့ရဲ့ ဒုတိယသမီးကို တွေ့ဖို့ပေါ့။ လယ်တောအိမ်ကို ရောက်တော့ ဘုရင်ကြီးက အရမ်း အံ့သြသွားတယ်။ သူ့သမီးနေထိုင်တဲ့ အိမ်လေးဟာ သာမန်လယ်တော အိမ်လေးဖြစ်ပြိးတော့ လယ်သမားနဲ့ အတူဆင်းဆင်းရဲရဲ နေထိုင်နေတာတွေ့တော့ ဘုရင်ကြီးက လယ်သမားကိုခေါ်လိုက်ပြီး ဒေါသထွက်ထွက်နဲ့

” မင်းကွာ ငါ့သမီးငိုရင် စိန်တွေမျက်ရည်အဖြစ်ကျပြီးတော့ အဲဒါတွေနဲ့ မင်းချမ်းသာနိုင်တာကို ဘာလို့ငါ့သမီးကို ဒီလိုမျိုး ဆင်းဆင်းရဲရဲ ထားတာလဲကွာ ” လို့ပြောလိုက်တယ်။

ဒီတော့ လယ်သမားက ” ဘုရင်ကြီးရယ် အရှင့်သမီးက ကျွန်တော်ချစ်ရတဲ့သူပါ။ ချစ်ရတဲ့ သူကို မျက်ရည်ကျခိုင်းပြီးတော့မှ ချမ်းချမ်းသာသာ နေရမယ်ဆိုရင် အဲဒီချမ်းသာမှုမျိုးကို အလိုမရှိပါ အခုလို နှစ်ယောက်စား ကိုယ်ရှာဖွေထားတာတွေနဲ့ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်တာဟာ ကျွန်တော့်အတွက်တော့ စိန်တောင်ကြီးနဲ့ တောင် မလဲနိုင်ပါ ” လို့ပြန်ဖြေလိုက် ပါတယ်။

ခရစ်ဒက်စ်

You May Also Like

0 comments