ဆရာမတွေ ဘာ့ကြောင့်အပျိုကြီးဖြစ်ရတာလဲ

by - December 06, 2019


ဒီကိစ္စကို လူအတော် များများက စိတ်ဝင်စား ကြတယ်။

ဒါကြောင့် ဆရာမ အပျိုကြီးတွေနဲ့ တွေ့တဲ့ အခါ အပျိုကြီး ဘာကြောင့် ဖြစ်သလဲ ဆိုတဲ့အချက်ကို ကျမ အမြဲ အင်တာဗျူးလေ့ ရှိပါတယ်။

အများအားဖြင့် ဆရာမ အပျိုကြီးတွေနဲ့ အပျိုကြီး ဖြစ်လတ္တံ့ တွေက ကျမမြင်ရင် ဝေးဝေးက ရှောင်တတ် ကြပါတယ်။

" မမဝင်းရေ
မမက အသားလည်းဖြူ ရုပ်လည်းချော သဘောလည်း ကောင်း ဘာကြောင့် အပျိုကြီး ဖြစ်တာလဲ ပြောပါအုန်း  ညီမလေးကို။ "

" အပူ မရှာချင်လို့ပေါ့ ညီမရယ်
အစ်မ တောနယ်မှာ တာဝန် ကျတုန်းက အစ်မကို ကြိုက်တဲ့ တစ်ယောက်က ဥစ္စာပေါ ရုပ်ချောပါ။
အစ်မက ပြန်မကြိုက်လို့ အဆိပ်သောက် သေမယ်လို့ ပြောတယ် ။
အစ်မလည်း သေချင်လည်း သေ ငါတော့ နင့်ကို မယူနိုင်ဘူးလို့ ငြင်းခဲ့ တယ် " တဲ့။

အိမ်ထောင်ရေး ဒုက္ခကို သူ မခံစားချင်လို့အပျို ကြီးဖြစ်တာပါ  တဲ့။ "

" အစ်မရီရီ
အစ်မက ပိုက်ဆံလည်း ပေါ ရုပ်လည်း ချော ... ဘာကြောင့် အပျိုကြီး ဖြစ်သလဲ။ "

အပျိုကြီး ဆရာမက ဟက်ဟက် ပက်ပက် ရယ်တယ် ။

" ဟေဟေ့  ငါ အမှန် ပြောပြမယ်
ငါ့ကို ကြိုက်တဲ့ယောက်ျားတွေက ငါ့လောက်တောင် မချမ်းသာဘူး ။ ငါ့ထက် ချမ်းသာတဲ့ ယောကျ်ားက လာမကြိုက်လို့  မယူတာဟဲ့ ။ "

" ကဲ ဒီဘက်က ဆရာမ အပျိုကြီး မမသင်း ပြော ညီမလေးကို "

(မမသင်းက တစ်အိမ်လုံးရဲ့ စီးပွားရေးကို စီမံ ခန့်ခွဲရသူ။ သူယောက်ျား ယူလိုက်ရင် သူ့မိသားစုက အကုန်ကစဉ့်ကလျား ဖြစ်သွားမှာ ဒါကို စဉ်းစားပြီး မယူတာ။)

ဒါပေမဲ့သူက ပြုံးစိစိ လုပ်နေတယ် ။ မပြောဘူး။

မမသင်းနော် ညီမလေးကို ပြောပြ လို့ဆို

" ကြိုက်မဲ့သူ မရှိလို့ပေါ့ ညီမလေးရယ် "

ဟွန့် ယုံပါဘူး။

" ကဲ အကြည်
ပြော ဘာကြောင့် အပျိုကြီး ဖြစ်လဲ။ "

" အကြည်က ဖေဖေ့ ကြောက် လို့။
ယောကျ်ားယူ ရင် သတ်ပစ်မယ် တဲ့။
ယူချင်တာ ပေါ့အေ။
ဖေဖေ သေလို့ ယောကျ်ား ယူဖို့ စဉ်းစားတော့ ၅၀ ကျော် သွားပြီ ။ မရတော့ဘူး ။ အဟီး "

" ကဲ တီချယ်ထွေး ပြောပြ။ "

" ငါ ငိုချင်တယ် ဟယ် ။ မပြောချင်ဘူး "

" အယ်  တီချယ်ထွေး ကလည်း ပြောပြ ပါဆို "

" ငါ ကျောင်းကပွဲ  မှာ ဟိုသီချင်းကို သွားဆို မိတာ။

..... မစဉ်းစားနဲ့ ပြန်ပေတော့။
...... မစဉ်းစားနဲ့ ပြန်ပေတော့။

ပြန်  ပြန် နောက်လှည့် မကြည့်နဲ့ ပြန် .....

အာ့နဲ့ ငါ့ကို မကြိုက်ကြ တော့ဘူး။
ဒါနဲ့ အပျိုကြီး ဖြစ်နေတာ ။ "

" ကဲ စိုးစိုးလည်း ၃၅ ဆိုတော့ အပျိုကြီးပဲ။
ဘာကြောင့်လဲ ပြော။ "

" အေးဟဲ့။
ငါ   အားကိုးရမယ့်သူ မတွေ့သေးဘူး။
ကိုယ်က လုပ်ကျွေးရမှာ ဆိုရင်တော့ မယူတော့ ဘူးလေ။ "

" ဒီဘက်က  မမစန်း ရော။ "

" ငါ့အမေက ငါယောက်ျား ယူမှာ ခါးခါး သီးသီးပဲဟေ့။
လုံးဝ လက်မခံဘူး။
မမအမေက အတ္တကြီး တာပေါ့။ "

" ကဲ မခိုင်
အသား ညိုချောလေး ၃၅ ကျော်သွားပြီ။
မယူသေး ဘူးလား။ "

" စဉ်းစားတုန်းပဲ။ "

" ရတာမလို လိုတာမရ ဖြစ်နေတာလား။ "

" အေး ဟုတ်ပ ။ ဟုတ်ပ။ "

အားလုံးကို စာရင်း ချုပ်ပြီး မှတ်ချက် ချရရင်
၏ဆရာမများ အပျိုကြီး ဖြစ်ရခြင်းမှာ သေချာတဲ့ အချက်က မိဘစကား နားထောင်လို့ ပါတဲ့။

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments