စိတ်ကုန်ဖို့ကောင်းတယ်

by - December 29, 2019


ဖုန်းဝင်လာတယ် ။ လခ ထုတ်ရက် ဒီအချိန်ဆို ရုံးခန်းက ဖုန်းဆက်နေကျ ။

" ဆရာ အကောင့်ထဲ လခ ထည့်လိုက်ပါပီ ၊ ဘောနပ်စ်နဲ့ ဆို တိုတယ် (total) ၁၅ သိန်း ပါ ဆရာ "

" ဟုတ်ပါပီဗျာ "

အကောင့် မစစ်ဖြစ်တာလည်း ကြာပီ ။ ပိုက်ဆံ မှ မသုံးဖြစ်တာ ။

" ဆရာ GM က ပြောနေပီ

ရှေ့လ အားရက်ကို အိုဗာစီး ထွက်ပေးဦးတဲ့ "

" ဟုတ်ကဲ့ပါဗျာ သွားပါ့မယ် "

အစိုးရ ဝန်ထမ်း ဘဝ စိတ်ညစ်စရာ ထဲ အဲ့ဒါလည်း ပါတယ် ။

လေးလ တခါ နိုင်ငံခြား အလည် ထွက်ပေးရတယ် အစိုးရ စရိတ်နဲ့ မို့ မသွားမနေရ ။

ကိုယ်က အားရက် ကလေး အမေ့ရွာ ပြန်ချင်လည်း မဖြစ် ၊ တော်သေးတယ် လူပို ခေါ်လို့ ရတော့ မိဘတွေ ခေါ်သွားပီး ဟိုမှာ တွေ့ရတယ် ။ ဘယ်တတ်နိုင်မလဲ သူ့ဆန်စားမိ မှတော့ ရဲရမပေါ့ ။

ဝန်ထမ်းဘဝ အဆင်မပြေတာတွေ များတယ် ။ နေတာ စားတာက အစိုးရ စရိတ်နဲ့ ကိုယ့်ပိုက်ဆံ လေး နဲ့ ကုန်တိုက် ဘာညာ ဈေးဝယ်မိရင် ဝန်ထမ်း ဆိုပြီး ဒစ်စကောင့် က ယူရသေးတယ် ။

အလှူလေး ဘာလေး လုပ်မိလို့ အစိုးရ က သိတာနဲ့ ဘောနပ်စ် ထပ်ယူ ရတယ် ။ အိပ်တာက အစ အစိုးရ က ပါတယ် ။

ချမ်းတတ်လို့ အခန်း အဲကွန်း မတပ်ချင်တာ လူကြီး အဆင့်ဆင့် စာတင်ရတယ် ။ လူကြီးတွေ ကလည်း လာဘ်ထိုးလို့ မရ ။

ညနေဆို ဂျင် မသွား မနေရ ၊ ကားအကြို အပို့ လုပ်ပေးတယ် ။ ' ပင်ပန်းတဲ့ အတွက် ကျန်းမာကြံ့ခိုင်ဖို့ ဝန်ထမ်း တိုင်း အားကစား လုပ်ရမယ် ' ဆိုပြီး စည်းကမ်း သတ်မှတ် ထားတယ် ။ ဂျင်မှာ ချွေးထွက် အခန်းက အေး ၊ တော်သေးတယ် ၊ လိုင်းခန်းက ရေပူရေအေး တပ်ပေးထားလို့။

ဘယ်သွားသွား အကြိုအပို့နဲ့ ။ တခါတလေလေး အလုပ်ကို လမ်းလျှောက်ပြီး သွားချင်တာ ခွင့်မပြု။

ကိုယ်က ဝါသနာ ပါလို့ ဝယ်ထားမိတဲ့ လန်ဘော်ဂီနီ ပြိုင်ကားလေးက ဖုံ အလိမ်းလိမ်း တက် ၊ တပတ်တခါ လောက် သတိနဲ့ စက်နှိုးပေး ရတယ် ။ တော်သေးတယ် ဘောနပ်စ်နဲ့ ဝယ်မိလို့ ။ မဟုတ်ရင် နှမြောစရာ ။

စားတော့ လည်း စားချင်တာ စားမရ ၊ လိုင်းခန်း စားဖိုဆောင် က မီနူးပို့ပေးတယ် ။ ကျန်းမာကြံ့ခိုင်ဖို့ ရည်ရွယ်ပါတယ် ဆိုပြီး မီနူးက ဘိုစာတွေ များတယ် ။ ကိုက ငပိရည် လေး တို့ချင်တာတောင် လက်မခံ ။

တော် ပါ ပီ ။ ပိုက်ဆံတွေက ပို ၊ သွားလိုက်ရတဲ့ နိုင်ငံခြား ခရီး ။ အစိုးရ ဝန်ထမ်းဘဝကို စိတ်ကုန်စပြု ပီ ။ဒီနှစ်ကုန်တော့ ထွက်စာ တင်မှပါ ။

ခရစ်ဒက်စ်

You May Also Like

0 comments