အခန်းနံပါတ် ၃၉

by - December 04, 2019


အရပ်မြင့်မြင့် အသားဖြူဖြူ  လူရည်သန့် လူငယ်တျောက် ဟိုတယ်ထဲကို ဝင်လာတယ်။

ကောင်တာ ရှေ့ရောက် ဟိုတယ်ပိုင်ရှင် သူဌေးကို မေးတယ်

man - အခန်းနံပါတ် ၃၉ အားလား

boss - အားပါတယ်ဗျ

man - ကျွန်တော် ယူလို့ရမလား

boss - ရတာပေါ့ဗျ

man - ဟုတ်ကဲ့ ကျေးဇူးပါ

လူငယ်က အခန်းထဲ မဝင်ခင် အနက်ရောင် ဓါးတစ်ချောင်းရယ်၊ အပ်ချည် အဖြူရောင် ၃၉ စင်တီမီတာ အရှည်ရယ်၊ ၇၃ ဂရမ်အလေးချိန်ရှိတဲ့ လိမ္မော်သီး  ရယ် ရနိုင်မလားလို့ သူဌေးကို မေးတယ်။

သူဌေးကလဲ ရနိုင်ပါတယ်လို့ သဘောတူလိုက်တယ်။

ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ သူအနည်းငယ် အံသြသွားပြီး စိတ်ရှုပ်သွားတာတော့ အမှန်ပဲ။ လူငယ်ကို မေးစရာတွေ ရှိလာတယ်။

လူငယ်က အခန်းကိုသွားတဲ့ လမ်းတစ်လျှောက် ဘာစကားတစ်ခွန်းမှ မဟဘူး။ ဒီတော့ သူဌေးက မေးဖို့ အခွင့်မသာဘူး။

အဲသည် အချိန်မှာပဲ အခန်းနံပါတ် ၃၉ ကို ရောက်တော့ လူငယ်က အခန်းထဲ ဝင်သွားတယ်။ သူကတော့ မေးခွန်းတွေ မမေးလိုက်ရပဲ ကျန်နေခဲ့တယ်။

ညသန်းခေါင်ယံ အချိန်လောက် ရောက်တော့ လူငယ်ရဲ့ အခန်းထဲကနေ တောနက်ကြီးထဲကလိုပဲ သားရဲတိရိစ္ဆာန် သံတွေ ကြားရတယ် ထိုင်ခုံစားပွဲတွေ ပစ်ပေါက်သံတွေ ကုတင် ပွတ်ဆွဲသံတွေ အော်ဟစ် ညည်းညူသံတွေ ကြားရတယ်။

အဲသည်ည သူဌေး အိပ်မပျော်တော့ဘူး။ သူ့ခေါင်းထဲ အတွေးတွေ ဝင်လာတယ်။ အဲ့သည် အံသြစရာ ကောင်းတဲ့ အသံတွေက ဘယ်ကလာတာ ဖြစ်နိုင်မလဲပေါ့။

မနက်ခင်းရောက်တော့ လူငယ်က အခန်း လာအပ်တယ်။ သော့ရတာနဲ့ သူဌေးက အခန်းကို သိချင်ဇောနဲ့ အပြေးသွားကြည့်တယ်။

အခန်းထဲမှာ အရာအားလုံး အကောင်းတိုင်းပဲ။ ပုံမှန်မဟုတ်တာ တစ်ခုမှ မတွေ့ဘူး။ ဓါးအနက်ရောင် ရယ်၊ ၇၃ ဂရမ်ရှိတဲ့ လိမ္မော်သီးတစ်လုံးရယ် စားပွဲပေါ်မှာရှိတယ်။ ၃၉ စင်တီမီတာ ရှည်တဲ့ အပ်ချည်တောင် ပုံစံမပျက်ဘူး အားလုံး အကောင်းတိုင်းပဲ။

ကောင်တာမှာ လူငယ်က ပိုက်ဆံရှင်းတယ်။ ဟိုတယ် ဝန်ထမ်းမှတ်ချက်မှာ အရမ်း အဆင်ပြေကြောင်း မှတ်ချက်ပေးတယ်။ ပြုံးပြီးတော့ ကားပေါ်တက်သွားတယ်။

သူဌေးက ချွေးတွေ ပျံနေပြီ ဒါပေမယ့် ညက သူဘာကြားခဲ့တယ် ဆိုတာ ကိုတော့ ဝန်ထမ်းတွေကို မပြောပြပဲ ထားလိုက်တယ်။ သူ ညက အသံတွေ တကယ်ကြားခဲ့တာလား သူ့ကိုယ်သူ ဝေခွဲမရ အတွေးတွေပွားပြီး ကျန်ခဲ့တယ်။

တစ်နှစ်တိတိ ကြာပြီးတဲ့အချိန်မှာ လူငယ်က ဟိုတယ်ကို ပြန်ရောက်လာတယ်။ သူဌေး စိတ်ထဲမှာ ဗဟေဠိ ဖြစ်နေတယ်။

လူငယ်က မနှစ်ကလိုပဲ အခန်းနံပါတ် ၃၉၊ အနက်ရောင် ဓါးတစ်ချောင်း၊ အပ်ချည် အဖြူရောင် ၃၉ စင်တီမီတာ အရှည်၊ ၇၃ ဂရမ်အလေးချိန်ရှိတဲ့ လိမ္မော်သီး

ဒါတွေပဲ မှာတယ်

ဒီတစ်ခါတော့ သူဌေးက မနေနိုင်တော့ဘူး။ ဒီအခန်းထဲမှာ ဘာတွေဖြစ်လဲဆိုတာ အမှန်တရားကို သိဖို့ အချိန်တွေ ကုန်ခံ မအိပ်ပဲ စောင့်ကြည့်တယ်။

ညသန်းခေါင်ယံ ရောက်လာပြီ။ အခန်းထဲကနေ အရင်လို တောရိုင်းတိရိစ္ဆာန် အသံတွေ ကြားရပြန်တယ်။ ပရိဘောက ခုံတွေ ပွတ်တိုက် ပြိုလဲသံတွေ ပြန်ကြားရပြန်တယ် ဝရုန်းသုန်းကားနဲ့ ။ ဒီတစ်ခါ အရင်တစ်ခေါက်ကထက် အသံ ပိုကျယ်လောင်လာတယ် အဓိပ္ပါယ်ဖော်မရတဲ့ ညည်းတွားသံတွေပါ ကြားလာရတယ် မနှစ်က မကြားဖူးတဲ့ အသံမျိုးတွေပါ ကြားလာရတယ်။

မနက် မိုးလင်းလာတော့ လူငယ် အခန်း ပြန်လာအပ်တယ်။ သူဌေးက သော့ယူပြီး အခန်းကို ခါတိုင်းလိုပဲ ပြန်သွားကြည့်တယ် အခန်းထဲမှာ အရာအားလုံး ပုံမှန်အတိုင်းပဲ။ ဘာမှမထူးခြားဘူး။

ဒီတစ်ခါလဲ မနှစ်ကလိုပဲ လူငယ်က ပိုက်ဆံရှင်းတယ် ဝန်ထမ်းတွေကို မုန့်ဖိုးပါ ပေးသွားတယ်။ အရင်လိုပြုံးပြီး ဟိုတယ်က ထွက်သွားပြန်တယ်။

သူဌေး အမှန်တရားကို စတင်ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ သူယူခိုင်းတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ် ကြိုးစားကြည့်တယ်။ အနက်ရောင်ဓါး အပ်ချည် ၃၉ စင်တီမီတာ ၇၃ ဂရမ်ရှိတဲ့ လိမ္မော်သီး။ ဘာတစ်ခုမှ ဆက်စပ်လို့မရဘူး။ ပြီးတော့ အခန်းနံပါတ် ၃၉ မှာမှ ဘာလို့လဲ။ အဖြေထွက်မလာ......။

အဲ့သည် နောက်တော့ သူဌေးဟာ မတ်လ ရောက်ဖို့အတွက် တက်ကြွစွာနဲ့ စောင့်နေတယ်။ မတ်လမှာ လူငယ်က ရောက်လာတာကိုး။

သူစောင့်စားတဲ့နေ့ရောက်လာတယ်။ မတ်လ ၁ ရက်နေ့။ လူငယ် ရောက်လာတယ် အရင်လိုပဲ ၃၉ အခန်းကို လွတ်လားမေးတယ်။ အဲ့သည်အခန်းကို ယူတယ် ပြီးရင် အရင်လို ပဲ သူလိုတာတွေ တောင်းတယ်။

မနှစ်ကအတိုင်းပဲ အားလုံးအတူတူပဲ တစ်ပုံစံတည်းပဲ။ တစ်နှစ်ထက် တစ်နှစ် အခန်းထဲက အသံတွေ ပိုပိုကျယ်လာတာက လွဲလို့ပေါ့။

မနက်ခင်းရောက်တော့ လူငယ် အခန်း လာအပ်တယ်။ သူဌေးက တောင်းတောင်းပန်ပန်နဲ့ လူငယ်ကို မေးတယ်။ ဒီအခန်းထဲမှာ ကြားရတဲ့ အသံတွေရဲ့ လျှို့ဝှက်ချက်ကိုပေါ့။

အဲ့သည်မှာ လူငယ်က ပြန်ပြောတယ်။

man - တကယ်လို့ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့ရင် ခင်ဗျားတခြား ဘယ်သူ့ကိုမှ မပြောပြဘူး။ ပြန်မရှင်းပြဘူးလို့ ကတိပေးနိုင်မလား။

boss - အင်း ကတိပေးတယ် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး

man - ကျိန်ဆိုမလား

boss - ကျိန်ဆိုပါတယ်

နောက်ဆုံးတော့ လူငယ်က အဲ့သည်အခန်းရဲ့ လျှို့ဝှက်ချက်အမှန်ကို သူဌေးကို အကြောင်းစုံ ဖွင့်ပြောပြခဲ့လိုက်တော့တယ်။

ဒါပေမယ့်

သူဌေးဟာ စိတ်ရင်းမှန်ပြီး ကတိတည်သူ ဖြစ်သည့်အလျောက်။ သူသိခဲ့သမျှ အားလုံးကို ဘယ်သူ့ကို ထပ်မပြောပြတော့ပါဘူး။ အ့ကြောင့် ကျွန်တော်လဲ မသိပါဘူး။

သူပြောပြတဲ့အချိန် ကျွန်တော် ပြန်လာပြောပြပါ့မယ်။

သွားလတ်အူးမယ် သလား… 😉😜

ရှမ်းလေး

You May Also Like

0 comments