ကျုပ်တို့ရွာ

by - December 29, 2019


" ဟဲ့ .. ကမ .. နင်ကြားပြီးပြီလား "

" ဘာတုန်း "

" ဒို့ ရွာထိပ်က .. ကိုဗလ ဆုံးပြီတဲ့ "

" ဟယ် .. အကောင်းကြီးကနေ ဘာဖြစ်လို့လား "

" မနေ့ညက ချမ်းချမ်း အေးအေးနဲ့ မှန်ရှေ့မှာ အကျီချွတ်ပြီး ဓာတ်ပုံ ရိုက်နေရင်း ကနေ ရုတ်တရက် လေဖြတ်ပြီး အသက်ပါ ထွက်သွားတာတဲ့ "

" အယ် .. နှမြောစရာ .."

အဲဒါကျုပ်တို့ရွာ ..
တနေ့ထက် တနေ့ အဲဒီ ဘာမှန်း မသိတဲ့ ရောဂါကြောင့် ကျုပ်တု့ိရွာကြီးဟာ တဖြည်းဖြည်းနဲ့ ကပ်ဆိုက် လာတယ် ..

မြို့က အတတ်ပညာရှင်တွေ လာပြီး ရောဂါပိုး ရှာကြည့်တော့လည်း ရှာမတွေ့တဲ့ အပြင် ရောဂါပိုး ကူးစက်ခံရသွားတာ တွေလည်း ရှိတယ်

" ဟဲ့ .. ဟဲ့ လုပ်ကြပါအုံး ခလိန်း ပါးစပ်ရွဲ့သွားပြီ
ကွီးတို့ မွီးတို့ .. ကယ်ကြပါအုံး ... ဒီမှာ ခလိန်း ပါးစပ် ရွဲ့သွားပြီ "

အသံကြားလို့ ပြေးကြည့်တော့ လူတွေ အုံနေကြပြီ
ဘယ်သူမှ အနား မကပ်ရဲကြဘူး
ရောဂါပိုး ကူးစက်ခံရမှာ စိုးတာကိုး
သူတို့ပြောတဲ့ ခလိန်းကလည်း ပါးစပ်သာ ရွဲ့နေတာ
လက်ထဲက ဖုန်းနဲ့ ဓာတ်ပုံရိုက် ကောင်းတုန်း
အုံကြည့်နေတဲ့ ရွာသူရွာသားတွေ ကလည်း ထင်ကြေး အမျိုးမျိုး ပေးကြတယ်

" ဟယ် .. ငယ်ငယ် ရွယ်ရွယ်နဲ့ သနားစရာဟယ် "

" ဘာလိုဖြစ်တာတဲ့လဲ "

" မသိပါဘူးတော် .. အဲလို ဖုန်းတလုံးနဲ့ ဓာတ်ပုံ ရိုက်ရင်းကနေ ပါးစပ် ရွဲ့သွားတာတဲ့ "

" ဖြစ်မှာပဲလေ.. တနေ့ တနေ့ နခမ်း ဆူလိုက် ၊ ပါးဖောင်းလိုက်နဲ့ အမျိုးမျိုး လုပ်နေတာကိုး "

အဲဒီလိုနဲ့ အခြေနေတွေဟာ တနေ့ထက် တနေ့ ပိုဆိုးရွား လာတာကြောင့် နောက်ဆုံးမှာ ကျုပ်တို့ရွာကြီးကို အစိုးရက တားမြစ်နယ်မြေ အဖြစ် သတ်မှတ် လိုက်တယ်

စားသောက်ကုန်က လွဲလို့ အဓိက ကုန်ဖြစ်တဲ့ ဖုန်းဘေကို ဖြတ်တောက် လိုက်တယ်
ဒါပေမယ့်လည်း မှောင်ခိုသွင်းတဲ့ လူတွေ ကတော့ ရှိသေးတယ် ..

အစိုးရကလည်း ဒါတွေကို သိတော့ ရွာပတ်ပတ်လည်ကို အုတ်တံတိုင်း အမြင့်ကြီးတွေ ခတ်ပစ် လိုက်တယ်
ဝင်ပေါက် ထွက်ပေါက်ကို တစ်ခုတည်း ထားတယ် ၊ ဂိတ်ပေါက်မှာလည်း စစ်သားတွေ အလှည့်ကျ စောင့်ပြီး ထွက်ပြေးတဲ့ လူမှန်သမျှ ပစ်မိန့် ပေးထားတယ်

ရွာထဲမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြပြီ ...
ဖုန်းဘေပြတ်တောက်ပြီး လမ်းပေါ်မှာ ဂယောင်ခြောက်ခြားနဲ့ ထွက်ပြေးနေတဲ့ လူတွေလည်း ရှိသေးတယ် ..

" ပေး ပေး မပေးပေး ပေး ... ငါ့ ဖုန်းဘေ ပြန်ပေး .. တူနယ်တဲ့နယ် ပြောင် "

" ဟဲ့ကလေးတွေ အိမ်ထဲ ဝင်စမ်း ..
ဟိုမှာ အရူးတွေ့လား ... နင်တို့ကို ဖမ်းသွားလိမ့်မယ် "

" ဟုတ်ကဲ့ .. မေမေ "

အဲဒီလို သွက်သွက်ခါ ရူးနေတဲ့ အရူးတွေလည်း ရှိသလို
ဓမြ တွေရဲ့ ရန်ကိုလည်း ကြောက်ရတယ်

" ဟိတ် .. ဆယ်လီမ ရပ်စမ်း "

" စင် .. စမီး ဆယ်လီ မဟုတ်ပါဘူး "

" ဘာမဟုတ်ဘူးလဲ .. နင့်ပို့စ်တွေ ငါ အကုန်မြင်တယ် .. နင့်မှာ ဖုန်းဘေ ရှိတယ်မလား ပြော "

" ၁၁၅၂ ကျပ်ပဲ ကျန်ပါတော့တယ် စင် "

" အာ့ဆို ငါ့ဖုန်းထဲ ၁ထောင် လွဲလိုက်စမ်း ".

" မလုပ်ပါနဲ့စင် .. လူကိုသတ်ရင် သတ်သွားပါ
ဖုန်းဘေ တော့ ချမ်းသာပေးပါ "

" ဟင် "

အဲလိုတွေ ဆိုတော့ .. တဖြည်းဖြည်းနဲ့ ရွာထဲမှာလည်း လူတွေ မရှိကြတော့ဘူး ၊ အိမ်ထဲမှာပဲ နေကြတော့တယ် .. ။
ရောဂါကြောင့် သေတဲ့ လူတွေကလည်း သေနေသလို .. မှုခင်းတွေ ကလည်း နေ့စဉ်နဲ့ အမျှ ဖြစ်နေတော့ သတင်းဖတ်တိုင်း စိတ်မကောင်းစရာ တွေပဲ မြင်နေရတယ်

- ပိုကီမွန် ဖမ်းရာမှ မောင်မောင်ဇေ ဆိုသူအား
လမ်းကြိတ်စက် တိုက်၍ ခြေနှစ်ချောင်း ပေါင်အရင်းမှပြတ်

ဟယ် .. အရှိန်ပြင်းလို့ နေမှာ

- ဖုန်းဘေ ခြိမ်းခြောက် တောင်းခံမှုကြောင့်
ရာဇဝတ်သား မောင်ရာဟု အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်

ကောင်းတယ် .. နည်းတောင် နည်းသေးတယ်

- မောင်ဇေယျာ ဆိုသော TU ကျောင်းသား တစ်ဦး
စာပေ များတွင် အဆိပ်ထည့်၍ သေကြောင်း ကြံစည်မှု

ဟင် .. ဘယ်လိုကြီးတုန်း

- ဖုန်းဘေများ မဆပ်နိုင်သောကြောင့်
မောင်မောင်စ ဆိုသူ ထွက်ပြေး တိမ်းရှောင်နေ
(ဇာတ်ကားတွေ မတရား ဒေါင်းတာကိုး)

စသဖြင့် အဲဒီလို သတင်းတွေ ကလည်း နေ့တိုင်း ဆိုသလို ဖတ်နေရတယ် ..
ကျုပ်ကတော့ အိမ်ထဲမှာပဲ အဲဒီလိုသတင်းတွေ ဖတ်ပြီး ရောဂါပိုး ကူးစက် ခံနေရတဲ့ လူတစ်ယောက်ပေါ့

ရောဂါပိုး ကူးစက်ခံရပြီး နောက်ပိုင်း အကုန်အကျတွေ များလာတယ် ..
ဖုန်းဘေ မရှိရင် အမော ဖောက်လာတယ် .. နှုတ်ခမ်းတွေ ပြာလာတယ် ... ခေါင်းတွေ မူးလာတယ် ..
အခြေနေက ကြာလေ ဆိုးလေဖြစ်လာလို့ ကျုပ်ကို အိမ်က လက်လျှော့ ထားရတဲ့ အခြေနေကို ရောက်နေပြီ .. ဖုန်းဘေလည်း မထည့်ပေးကြ တော့ဘူး

အခု ကျုပ်ဒီစာကို ရေးနေတဲ့ အချိန်မှာ ဖုန်းဘေ ၂၈ ကျပ်ပဲ ကျန်ပါတော့တယ် ..
ချေးစရာလည်း မရှိတော့တဲ့ အတွက်ကြောင့် ဒီစာဟာ ကျုပ်ရဲ့ နောက်ဆုံးစာလည်း ဖြစ်သွားနိုင်တယ် ..

အဲဒါကြောင့် ဒီစာကို ဖတ်ပြီးသွားတဲ့ အခါမှာ ကျုပ်တို့ရွာ အခြေအနေကို အများသူငှါ သိအောင် ပြောပြပေးကြပါ .. ဖြန့်ဝေကြပါ .. ရောဂါပိုးကူးစက် မခံရအောင်လည်း ဂရုတစိုက် နေကြပါလို့ အကြံပြုရင်း ..

အစဉ်လေးစားလျှက်

😁😁😁
စိန်သောင်း

You May Also Like

0 comments