တော်လိုက်တဲ့ ဝန်ကြီး

by - December 13, 2019


“ တီ … တီ … တီ … ”

ကားဟွန်းသံတွေ ဆူညံနေတယ် ။ လမ်းကျဉ်းလေးကို ပိတ်ပြီးတော့ ဆိတ်တအုပ်က ရှေ့က သွားနေတယ် ။ ဆိတ်တွေ ကလည်း နည်းနည်းမှ မဟုတ်တာ ။

“ ဟေ့ … မင်း ဆိတ်တွေကို မြန်မြန်မောင်းစမ်း … ဒီမှာ ဝန်ကြီး လာနေတာ မသိဘူးလား ”

ဝန်ကြီးရဲ့ ရှေ့တော်ပြေး ကားပေါ်ကနေ ဆိတ်ကျောင်းသမားကို အော်နေတာ

“ ဟေ့ … မြန်မြန် ”

“ ဆိတ်တွေက လူတွေလို မသိဘူးဗျ … ဒါ သူတို့ သွားနေကျလမ်း ဆိုတော့ သူတို့ သွားနေတဲ့ နှုန်းအတိုင်းပဲ သွားမှာ ”

“ မြန်မြန်မောင်းကွာ ”

ဝန်ကြီးက ကားပေါ်က ဆင်းလိုက်ပြီးတော့

“ ဟေ့ … နေပါစေကွာ … နေပါစေ ” လို့ ပြောလိုက်တယ် ။

ဝန်ကြီးက ဆိတ်ကျောင်းသားလေး နားကို သွားပြီးတော့

“ ဒါနဲ့ မောင်ရင် … မောင်ရင့် ဆိတ်တွေကို ဘယ်နှကောင် ရှိတယ် ဆိုတာ အမှန်ပြောနိုင်ရင် … ဦးကို ဆိတ်တကောင် ပေးမလား ”

“ အားလုံးလား ”

“ အားလုံးပေါ့ ”

“ ဟာ … ဒီဆိတ်အားလုံးကို ဘယ်လောက် ရှိတယ် ဆိုတာ အတိအကျ ပြောနိုင်ရင် ဆိတ်တကောင် ပေးတယ်ဗျာ … ယူသွား ”

“ တကယ်လား ”

“ တကယ် ”

ဝန်ကြီးက ကားခေါင်းပေါ်ကို ကွန်ပျူတာ တင်လိုက်တယ် ။ ကောင်းကင်က ဂြိုဟ်တုနဲ့ ချိတ်တယ် ။ ဌာနရဲ့ ပင်မ စခန်းက မြေပြင်ကြည့် စနစ်ဌာနကို လှမ်းပြောတယ် ။ ကောင်းကင်ကနေ ဝန်ကြီးနေရာကို ရှာတယ် ။ တိတိကျကျ သိတော့ ဆိတ်အုပ်ကို ကြည့်တယ် ။ ကွန်ပျူတာကြီးတွေနဲ့ အဖြေ ထုတ်တယ် ။ ပြောတာက ကြာသေး ။ တွက်ချက်ပြီး ဝန်ကြီးဆီကို အကြောင်း ပြန်လိုက်တာက နှစ်မိနစ်ပဲ ကြာတယ် ။

“ ၅၈၆ ”

“ ကဲ … ကောင်လေး … မင်းဆိတ် စုစုပေါင်း ၅၈၆ ကောင် ”

“ဟာ … ဟုတ်တယ်ဗျ … သောက်ကျိုးနည်း တော်တာပဲ ။ ကျွန်တော့်ဆိတ် အားလုံး အတိအကျပဲ ”

“ ကဲ မင်းရှုံးပြီနော် ”

“ ဟုတ်ကဲ့ … ကြိုက်တဲ့ ဆိတ် တကောင် ယူသွားပါဗျ ာ”

ဝန်ကြီးဆိုသူက

“ ဟေ့ … ဒီကောင်လေးကို ကားပေါ်တင်လိုက်ကွာ … ဒီဆိတ်ကို ညကျရင် ချက်စားကြတာပေါ့ ”

ဝန်ကြီး တပည့်တွေ ကလည်း ဝန်ကြီး နားရွက်ဆွဲထားတဲ့ ကောင်ကို ကားပေါ် ပွေ့တင်ကြတယ် ။ ကားပေါ်တက် တော့မယ် လုပ်နေတဲ့ ဝန်ကြီးကို ဆိတ်ကျောင်းသမားက ပြောလိုက်တယ် ။

“ ဦးလေး … ဦးလေးကို ဘယ်ဝန်ကြီးဌာန ကလို့ အတိအကျ ပြောရင် ကျွန်တော့် ကောင်လေး ပြန်ပေးမှာလား ”

“ ဟာ ကောင်းလိုက်တာ … ပြောစမ်းကွာ … ငါ ဘယ်ဝန်ကြီးဌာန ကလဲလို့ … မင်း မှန်မှန် ပြောနိုင်ရင် မင်းကောင်ကို ပြန်ပေးရုံတင် မဟုတ်ဘူး … ငွေလည်း တစ်သိန်း ပေးဦးမယ် ”

“ တကယ်လား ”

“ လူကြီးကွ စကားကို အတည်ပြောတယ် ”

“ ဦးလေးက ပညာရေး ဝန်ကြီးပဲ ဖြစ်ရမယ် ”

“ အလို … မင်းပြောတာ မှန်သကွာ … ဟေ့ကောင်တွေ သူ့ကောင်ကို ကားပေါ်က ပြန်ချပေးလိုက် … ဒါနဲ့ မင်း ငါ့ကို ပညာရေးဝန်ကြီးမှန်း ဘယ်လို သိသလဲ ”

“ ဦးလေးရယ် … ဦးလေးက ကျွန်တော့်ဆိတ် ဆိုပြီး ကားပေါ်ကို တင်ခိုင်းနေတာ ဆိတ်မှ မဟုတ်တာ ခွေးဗျ။ အဲဒါ ကျွန်တော့်ခွေးပါ ။ ဒီနိုင်ငံမှာ ဆိတ်မှန်းမသိ ခွေးမှန်း မသိအောင် လုပ်နိုင်တာ ပညာရေးဝန်ကြီးကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး ။ ဒါကြောင့် ကျွန်တော်က ဦးလေးကို ပညာရေးဝန်ကြီးလို့ တန်းပြောတာ ။ ဟုတ်ပါတယ်နော် ”

ဝန်ကြီးလည်း အောင့်သက်သက်နဲ့ ငွေတစ်သိန်းပါ ထပ်ထုတ်ခဲ့ရ သဗျ ။

တင်ညွန့်
( အိန္ဒိယဇာတ်လမ်းလေးတစ်ခုကို မှီငြမ်းပါတယ်ဗျာ )

You May Also Like

0 comments