အချစ် နဲ့ အမုန်း

by - December 22, 2019


တခါတုန်းက ပင်လယ် ကမ်းစပ် တခုမှာ ရှဉ့်ဇနီးမောင်နှံ နှစ်ကောင်နေကြတယ်။ သူတို့က အရမ်းချစ်ကြသတဲ့။ တရက် ရှဉ့်မလေးက အုန်းပင်ပေါ်ကနေ ရေသောက်ဖို့ အောက်ကို ဆင်းသွားတယ် ။ အဲ့အချိန်မှာ မမျှော်လင့်ပဲ ရေလှိုင်း တစ်ခုက ကမ်းစပ်ကို ရိုက်ပြီး ရှဉ့်မလေးကို ရေထဲ ပါသွားစေ ခဲ့တယ် ။

ရှဉ့်မလေးက အကောင် သေးသေးလေး ဆိုတော့ ရေတွေမွန်းပြီး သေရှာတာပေါ့ ။ ဒီလိုနဲ့ ရေဆင်းသောက်တဲ့ ရှဉ့်မလေး ပြန်တတ်မလာ ချိန်ကြာတော့ ရှဉ့်ဖိုလေးက အတော် စိတ်ပူ ရှာတာပေါ့ ။ ဆောက်တည်ရာ မရ ကမ်းခြေမှာ ပြေးလွှားနေသတဲ့ ... ။

သူ့ချစ်တဲ့ ရှဉ့်မလေး ပင်လယ်လှိုင်းထဲ ပါသွားတာကို သူတွေးစမိတဲ့ အချိန် ရင်ကျိုးမရ သောကတွေနဲ့ သူကြံရှာသတဲ့ ။ သူ ရေထဲကို ပြေးဆင်းသွားတယ် .. ပြီးတော့ သူ့အမှီးလေးကို ရေစိမ်လိုက်တယ် .. ပြီး ကုန်းပေါ်သူပြေးတယ် .. အမှီးလေးကို ခါပြီး ရေတွေ ကုန်အောင်လုပ်တယ် ...

နောက်တစ်ခါ ရေထဲ ပြေးဆင်းသွားတယ် ... သူ့အမှီးရေစိမ်လိုက်တယ် ... ကုန်းပေါ် ပြေးတတ် သွားပြန်တယ် ... ရေတွေကို ခါချပြီး သူရေထဲ ပြန်ဆင်းသွားတယ် .... ။

ဒီလိုနဲ့ အချစ်ကြောင့် ပြေးလွှားပြီး သောကတွေနဲ့ ပူလောင်နေတဲ့ ရှဉ့်ကလေးရဲ့ အဖြစ်ကို ကမ်းစောင့်နတ်ကြီးက မြင်သတဲ့ ။ ကမ်းစောင့်နတ်ကြီးက သနားတာကြောင့် ကိုယ်ရောင် ဖန်ဆင်းပြီး ရှဉ်ကလေးကို မေးတယ် ....

" ရှဉ့်ကလေး မင်း ဘာလုပ်နေတာလဲ ? "

" ကျွန်တော်ချစ်တဲ့ ရှဉ့်မလေး ဒီပင်လယ်ထဲမှာ ရှိတယ် ..
သူ့ကို ကယ်မလို့ ဒီရေတွေခန်းသွားအောင် ကျုပ် လုပ်နေတာ " လို့ ဖြေရှာတယ် .... ။

" သြော် ... မင်း မှားနေပြီ မဖြစ်နိုင်ဘူးနော်
ဒီရေတွေ မင်းကုန်အောင် မစွမ်းဆောင်နိုင်ဘူး
မင်း အချစ်ကြောင့် မောပန်းနေပြီ " လို့ ကမ်းစောင့်နတ်ကြီးက ရှဉ့်ကလေးကို ပြောပြတယ် .. ။

ဒါပေမယ့် ရှဉ့်ကလေးက ချစ်စိတ်တွေကြောင့် မမှုဘူး ... ထပ်ပြီး ပြေးလွှားနေပြန်တယ် ။

ဒါနဲ့ ကမ်းစောင့်နတ်ကြီးက သနားလို့ ပြောပြရှာတယ် ...

" မင်းကသာ ဒီလိုလုပ်နေ ... မင်းချစ်တဲ့ ရှဉ့်မလေးက သေလို့ အခု ဘဝပြောင်းသွားပြီ ...
သူက ဒီပင်လယ်ကြီးကို အစိုးရတဲ့ နဂါးမင်းကြီးရဲ့ နတ်မိဖုရားလေး ဖြစ်နေပြီ ကွ " လို့ပြောလိုက်သတဲ့ ။

ဒီအခါမှာ ရှဉ့်ဖိုလေးက မယုံဘူးတဲ့ ... အဲ့ဒါနဲ့ ကမ်းစောင့်နတ်ကြီးက တန်ခိုးနဲ့ ပင်လယ်ထဲ ပျော်နေတဲ့ သူ့ဇနီး နတ်မိဘုရားပုံကို ဖန်ဆင်းပြ လိုက်တယ် ..... ။ ထိုအချိန်မှာ ရှဉ့်ဖိုကလေး အရမ်း ဝမ်းနည်းပြီး အရမ်းချစ်ရာကနေ အမုန်းကြီး မုန်းသွား ရှာတယ် ... ။

ရှဉ့်ကလေး ဟာ ဒီအခါမှာတော့ အစောကနဲ့ ပြောင်းပြန် အလုပ်ကို လုပ်တယ် ။ ကမ်းပေါ်ကို ပြေးတတ်သွားပြီးတော့ သူ့လက်သေးသေးလေးနဲ့ သဲတွေကို ကျုံးယူလာတယ် ပြီးတော့ ပင်လယ်ထဲကို ပစ်ချတယ် ...

ကမ်းပေါ် ပြေးတတ်သွားပြန်တယ် ... သဲတွေ ကျုံးယူလာပီး ပင်လယ်ထဲကို အဆက်မပျက် ပစ်ချနေပြန်တယ် ။ ထို အချင်းရာကို မြင်တော့ ကမ်းစောင့်နတ်ကြီးက ...

" ဟိတ်ကောင် ရှဉ့်လေး မင်းဘာလုပ်ပြန်ပြီတုန်း " လို့ မေးတယ် .... ရှဉ့်လေးက ဖြေတယ် ...

" သူတို့ ကို မမြင်ချင်လို့ ဒီပင်လယ်ကြီး ခမ်းသွားအောင် သဲတွေနဲ့ ဖို့နေတာ " လို့ ဖြေတယ် ။   ။   ။

ဒီလိုပါပဲ အချစ် နဲ့ အမုန်းကြောင့် လူသားတွေလည်း ရှဉ့်ကလေး နည်းတူ ပြေးလွှားပြီး စိတ်ခံစားချက်နောက် လိုက်ရင်း မောပန်းနေကြရတာ ပါပဲ ။ ဘယ်အရာမှ မတည်မြဲ အာမခံချက် မရှိတဲ့ ဘဝထဲမှာ အချစ်မုန်းတွေ က သံသရာကို ရှည်စေခဲ့ပြီလေ ။

ဦးဥတ္တမ

You May Also Like

0 comments