အကောင်း မြင်တတ်သူ

by - December 12, 2019


ရှေးရှေးတုန်းကပေါ့ ....
မျက်လုံးတဖက် ကန်းပြီး ခြေတချောင်း မရှိတဲ့ သူဋ္ဌေးကြီး တယောက် ရှိသတဲ့ ။

တနေ့မှာ သူဋ္ဌေးကြီးဟာ အတော်ဆုံး ပန်းချီဆရာတွေကို ခေါ်ပြီး
သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့ ။

ပန်းချီဆရာ တွေကလည်း
မျက်စိ တဖက်လပ် ၊ ခြေတချောင်း မရှိတဲ့ ပုံတူကို
အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ်နေ ကြတာပေါ့ ... ။

အဲဒီမှာပဲ ပန်းချီဆရာ တယောက်ဟာ
သူဋ္ဌေးကြီးရဲ့ ပုံတူ ပန်းချီကားကို အလှဆုံး ၊ အကောင်းဆုံး ဖြစ်အောင်
ရွေးဆွဲဖို့ ကတိပြုလိုက် ပါသတဲ့ ... ။

ပြီးတော့ ပန်းချီဆရာ ဟာ
ပုံတူ ပန်းချီကား ကို စတင် ရေးဆွဲ ပါတော့တယ် ။

ပန်းချီကား ရေးဆွဲပြီးတဲ့ အခါမှာတော့
မြင်ရသူ အားလုံး တအံ့တသြနဲ့ ငေးမော ချီးကျူး ကြပါသတဲ့ ။

" တကယ်ကို သူဋ္ဌေးကြီးရဲ့ ပုံတူ အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲ " လို့လည်း
မှတ်ချက် ပြုလိုက်ကြ သတဲ့ ။

ပန်းချီကားထဲမှာ ...
သူဋ္ဌေးကြီးဟာ
မျက်လုံးတဖက်ကို ပိတ်ထားပြီး မြင်းကို ခွစီးကာ
သားကောင်ကို လေးမြားတို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ် ။
..
..
..
ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ် ...
ပန်းချီဆရာချင်း တူပါလျက်
တခြား ပန်းချီဆရာတွေ ကရော သူ့လို ဘာကြောင့်များ မတွေးမိပါလိမ့် ... ။

အတတ်ပညာချင်း တူလျှင်
အသိပညာချင်း ကွာခြား ပါလိမ့်မယ် ။

အသိပညာချင်း တူလျှင်
အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြားပါလိမ့်မယ် ။

တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က လွယ်ကူပြီး ၊
အကောင်းမြင်စိတ်လေး မွေးတတ်ဖို့က ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။

ဓမ္မအလင်းရောင်

You May Also Like

0 comments