သောက်ကျိုးတွေ နည်းကုန်ရော

by - December 09, 2019


" ဟာ ... ကိုရီး ပြန်လာပြီ ... "

ကျုပ်မှာ အထုပ်အပိုးတွေနဲ့ အိမ်ထဲ ဝင်မယ် ကြံတော့ ညီမလေးက ထွက်ကြို ရှာတယ် ...
နယ်ကို ပြန်လာမယ် ကြိုပြောထားတော့ ... အိမ်မှာက လူစုံ တပ်စုံပဲ ရောက်နေကြတာ ...
မြို့က အကြောင်းတွေ သိချင်ကြတာကိုး

" သား ... ပြန်လာပြီကိုး "

" ဟုတ် အဖေ "

အိမ်ထဲ ဝင်တော့ ဒွေးလေးတို့ အရီးတို့ ဒေါ်လေးတို့ ဘထွေးတို့ စုံလို့ ... ရောက်နေကြတာ ...
ခေါင်းရင်းအိမ်က နတ်ကတော် မြမြဆိုတဲ့ အဒေါ်ကြီးတောင် ပါသေးတယ် ...

" အိမ်က လူတွေ စားရအောင်လို့ ကင်န်ဒီ (Candy) လေးတွေ ဝယ်လာတယ် ... "

" ဟေ ... ကန်နီက အဲလို ဝယ်လို့ ရတာလား ... "

" အင်း ရတယ်လေ "

" ဒီလိုမှန်း သိရင် စောစောက မှာတာပေါ့ ငါ့တူရာ ...
လယ်ထဲက ဦးလေးကို ကန်နီလေးက ရေခမ်း သွားပြီကွ ...
အဲဒါ ရေသုံးစရာ မရှိဘူး "

" အယ် ... ကန်နီ မဟုတ်ဘူး ဦးလေးရ ကင်န်ဒီ "

" အေး ဒါဆို မင်းပြောတဲ့ အနီက ဘာတုန်း "

" သကြားလုံးလေး တွေကို ပြောတာ ဦးရ ... ကင်န်ဒီ လို့ ခေါ်တာ "

" ဪ ငါမှ မသိပဲကွာ ... မင်းတို့ဟာက ရှုပ်နေတာပဲ "

ကျုပ်ဦးလေး တယောက် ရှက်သွားပြီး မျက်နှာကြီး ဟိုဖက်လှည့်သွားတယ် ...
အေးလေ သူမှ မသိပဲ ကိုး

" ဟဲ့ ငြိမ်းမောင် "

" ဗျာ ... ဒေါ်မြမြ "

နတ်ကတော် အဒေါ်ကြီးက သကြားလုံး ဖောက်စားရင်းနဲ့ လှမ်းခေါ်တော့
ကျုပ်လည်း လှည့်ကြည့်လိုက်တယ် ...

" နောက်တခါ မြို့ပြန်တက်ရင် ငါ့ကို နတ်ရုပ် အသစ်လေး ဝယ်ခဲ့ပေးပါဟယ် ...
ငါပိုက်ဆံ ပြန်ပေးပါ့မယ် "

" ပြော ... ကိုကြီးကျော်လား ဦးရှင်ကြီးလား "

" မဟုတ်ဘူး ငြိမ်းမောင်ရ နတ်အသစ်လို့ ပြောတယ် "

" ဗုဒ္ဓေါ ... နတ်က အဲသလို ဗားရှင်းအသစ်တွေ ဘာတွေ ရှိသေးတာလား ... "

" နင်ပြောတဲ့ ဗုံးရှင်း ဆိုတာတော့ ငါမသိဘူးဟ ... နတ်အသစ်တဲ့ "

" ဖီ ... ပြော ... ဘာနတ်လဲ "

" ဪ သိပြီ ဂျေဒိုးနတ်တဲ့ ... ငါကိုးကွယ်ချင်လို့ ပါဟာ ဝယ်ခဲ့စမ်းပါ "

" ခွီး ... ဂျေဒိုးနတ်က ကိုးကွယ်ရတာ မဟုတ်ဘူးဗျ ... စားရတာ
ဒေါ်မြက မသိပဲနဲ့ "

" ဟယ် ... နင်တို့မြို့ကလည်း မလွယ်ဘူး
စားစရာကို နတ်နာမည် ပေးရလား ... ကြည့်နေ နတ်အကိုင် ခံရမယ် "

ဖွီး ... သောက်ကျိုးနည်း
သူကလည်း တစိတ်ရှိ အဲဒီနတ် ကိုင်မယ် ဆိုတာနဲ့ပဲ ချိန်းခြောက်တာ ...
ကျုပ်ဖြင့် နတ်ကိုင်တယ် ဆိုတာ ဘယ်လိုလဲ မသိသေးဘူး ...
တခါလောက်တော့ အကိုင် ခံဖူးချင် သေးတယ်ဗျာ

" ဟေ့ ဒါနဲ့ ငြိမ်းမောင် "

" ဟုတ် ဘထွေးပြော "

" မင်းတို့မြို့က မာဆက် ဆိုတာ အတော် ဆိတ်ငြိမ်တယ် ဆိုကွ ... "

" အယ် ... "

" ငါလာရင် တခါလောက်တော့ လိုက်ပို့ဦးကွာ
ပုတီးလေးဘာလေး စိပ်ရအောင် ... "

" ဪ ဟုတ်ကဲ့ ဘထွေး "

ဘထွေးကိုလည်း ဘယ်သူက ကြပ်လွှတ်လိုက်ပြန်တယ် မသိဘူး
မာဆတ် မှာတောင် တရား အားထုတ်ချင် သတဲ့ ...
အလည် လာရင်တော့ ဘာမှန်းသိအောင် ပို့ပေးဦးမှပါ ...

" ဪ ကိုရီး ညီမလေးလည်း မေးစရာ ရှိတယ် "

" အင်း မေးလေ "

" မြို့မှာက ဆင်းရဲတဲ့လူ များတယ်ဆို "

" ဟေ ... ဘာလို့တုန်း "

" ညီမလေး သူငယ်ချင်း ပြောတာ
ပိတ်စဖိုး မတတ်နိုင်လို့ လုံအောင် မဝတ်ကြတော့ဘူးတဲ့ ... "

" ဗုဒ္ဓေါ... "

အဲလိုနဲ့ ရွာမှာ တပတ်လောက် နေလိုက်တာ ...
ဟိုလူကမေး ဒီလူက မေးနဲ့ ... ဖြေရတာလည်း နားကို မနားရဘူး

ဒီကြားထဲ အဲကွန်း ဆိုတာကို ငါးဖမ်းတဲ့ ကွန်မှတ်လို့ မေးလို့ ပြောပြရ သေးတယ် ...
ဆက်ဆီ (Sexy) ဆိုတာ ဆီစား သက်သာတယ် ဆိုလို့ ဝယ်ခိုင်းတဲ့လူနဲ့ တော်တော် ရှင်းပြ ယူလိုက်ရတယ်

မြို့ကိုပြန်တော့ အဖေက ကားဂိတ်ထိ လိုက်ပို့တယ် ...
ကားပေါ် တက်မယ် ကြံတော့ ...

" သား ရွာက လူတွေ မသိလို့ မေးကြတာကို စိတ်ထဲ မထားနဲ့ သိလား
သူတို့က ဗဟုသုတ နည်းလို့ပါ ... "

" ဟုတ် သိပါတယ် အဖေရ ... "

" ဪ ဒါနဲ့ သားနောက်တခါ ပြန်လာရင်တော့ တခု ဝယ်လာခဲ့ဦး "

" အဖေက ဘာလိုချင်လို့လဲ ... "

" အီးစီတူး ... နှစ်ကဒ်လောက် "

" လခွမ်း ... အဖေက ဘာလုပ်ဖို့တုန်း "

" ဝိတ်ကျတယ် ဆိုလို့ သောက်ကြည့်မလို့ပါ သားရာ ..... အဟီး "

ဖွီး ... သောက်ကျိုးနည်း

😁😁😁
NNNT ( ငြိမ်းမောင် )

You May Also Like

0 comments