ဘောလုံးပွဲပုံပြင်

by - December 11, 2019


တခါက မျက်မမြင် အသင်းနဲ့ အရူးအသင်း ဘောလုံး ကန်ကြ မယ်ဆိုလို့ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး လာပြီး အားပေး ကြတယ် ။ ဘာတွေကို ဘယ်လိုကန်ကြ လေမလဲပေါ့ ။

ပြိုင်ပွဲမစခင်မှာ မျက်မမြင် အသင်းရဲ့နည်းပြက သူ့အသင်း သားတွေကို မှာတယ် ။

" မင်းတို့က မျက်မမြင်တွေ ဆိုတော့ အကြားနဲ့ ကန်ကြရမယ် ။ မင်းတို့ ကန်သွင်းရမယ့် ဂိုးပေါက်မှာ ငါခေါင်းလောင်း ချိတ်ထားပေးမယ် အဲဒီနေရာကို ဘောလုံး သယ်လာပြီး သွင်းကွာ ။ ဘောလုံးမှာလည်း ချူတပ်ပေးထားမယ်ကွာ ။ ပြီးတော့ မင်းတို့ အချင်းချင်း သိရအောင် မင်းတို့ ဖိနပ်တွေ မှာလည်း ချူ တပ်ပေးထားမယ်ကွာ ၊ ရပြီလား "

" ရပြီ ဆရာ ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ ဆရာ "

မျက်မမြင် အသင်းကို သူ့နည်းပြမှာ နေတာတွေ့တဲ့ အရူးအသင်း နည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေ ကြတဲ့သူ့ရဲ့ အသင်းသားတွေကို လှမ်းခေါ် လိုက်တယ် ။

အရူးတွေက အားလုံး ကိုယ်လက် အင်္ဂါ ကောင်းကြပြီး ဗလ ကောင်းကောင်းနဲ့ ထောင်ထောင် မောင်းမောင်း တွေချည်းပဲ ။ ဒါပေမဲ့ ဦးနှောက် မကောင်းကြဘူး ။

သူ့အသင်းသား တွေကို မှာတာက
" မှတ်ထားကြကွ ၊ ဘောလုံးကို ဂိုးပေါက်ထဲ ကို များများ သွင်း ။ ဖြစ်နိုင်ရင် မင်တို့ (၁၁) ယောက်လုံး တစ်ယောက် တစ်ဂိုး သွင်းကြကွာ ။ ဒါဆိုရင် ငါတို့ နိုင်ပြီ ။ မသွင်းနိုင်ရင် တော့ ငါရိုက်မှာနော် "

" ဟာ စိတ်ချ ဆရာ ။ တယောက် တဂိုး ရအောင်သွင်း မှာ "

ဒီလိုနဲ့ စကန်ကြတာ ငါးမိနစ်နဲ့ ပွဲက ပြီးသွားတယ် ။ ပြီးမှာပေါ့ ။

အဖြေကလည်း ကြည့်လေ ။ (၁၁)ဂိုး ဂိုးမရှိ ။ နိုင်သွားတာက မျက်မမြင် အသင်း ။ နိုင်သာ သွားရတယ် မျက်မမြင်တွေက ဂိုးသွင်းဖို့ နေနေ သာသာ ဘောလုံး တောင် မထိလိုက်ကြ ရဘူး ။
အရူးတွေကဘဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းသွား ကြတာ ။

ဘာဖြစ်လို့လဲ ဆိုတော့ မျက်မမြင်တွေက စမ်းစမ်း စမ်းစမ်းနဲ့ ချူ သံကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေးနေလေတော့ အရူးတွေက ဟိုဘက်ကို မကန်တော့ဘဲ ဆရာ မှာထားတဲ့ အတိုင်း နီးလည်းနီး ရှင်းလည်းရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြ လေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့ ။
အဓိက,က ဂိုးဝင်ဖို့ မဟုတ်လား ။

ဒီလိုနဲ့ တယောက်ပြီး တစ်ယောက် ကိုယ့်ဂိုး ကိုယ် သွင်း လိုက်ကြတာ (၁၀) ဂိုးဖြစ်သွားတယ် ။ ဂိုးသမားကလည်း မင်းတို့ အလှည့် ပြီးပြီလား ငါ့အလှည့် လာထား ဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့ ။

တသင်းလုံး ထခုန်ကြတယ် ။ ပျော်လိုက်ကြတာ။ သူတို့ တသင်းလုံး ဂိုးသွင်းကြရလို့လေ ။ ဒီလိုနဲ့ပဲ မျက်မမြင်အသင်းက အရူး အသင်းကို တစ်ဂိုးမှ မသွင်းရ ဘဲ (၁၁) ဂိုး ဂိုးမရှိနဲ့နိုင်သွားတော့တယ် ။

ဒီပုံပြင်လေးက ရလိုက်တာကတော့ လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပါစေ အကြောင်းအကျိုး ၊ အကောင်းအဆိုး အမှားအမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား သိမြင်နိုင်သော အသိဉာဏ်ပညာ မရှိလျှင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ကိုယ်ကျိုးနည်းသွားနိုင်တယ် ဆိုတာပါပဲ ။

ခွဲခြားသိမြင်နိုင်သော အသိဉာဏ် ရှိကြပါစေ ။

ဆရာလူထု ဦးလှ

You May Also Like

0 comments