အဖေ


"မိန်းမရေ…

ဧည့်ခန်းထဲက တိုင်မှာ ချိတ်ထား တဲ့၊ နာရီ မရှိတော့ ပါလားကွ"

"ရှင့်သား ဖြုတ်ယူ သွားတယ် လေ…

သူ့ အိမ်မှာ နာရီ မရှိလို့ တဲ့…"

"မိန်းမရေ…

ကြောင်အိမ် ထဲက ဓါတ်ဗူး အသစ် တစ်လုံး မတွေ့ပြန် ဘူး

မင်း ဘယ်သူ့ ပေးလိုက် သေးလဲ…"

"ရှင့်သား လာယူ သွားတာပဲ လေ...

သူ့ အိမ်မှာ ဓါတ်ဗူး လိုနေလို့ တဲ့… "

"တောက်…

ဒီကောင် ဒို့ကို ဒုက္ခ ပေးပေါင်း များလှပြီ

ဘွဲ့ရ ပညာတတ် ဖြစ်အောင်၊ ငွေ အကုန်ခံ၊ ဒုက္ခတွေ ခံပြီး သင်ပေးခဲ့ ပြီးပြီ...

အခု အိမ်ထောင် ကျပြီး တော့လည်း ၊အိမ်က ပစ္စည်းတွေ တစ်ခုပြီး တစ်ခု လာယူ နေတယ်....

ကျောင်းဆရာ လုပ်နေပြီး၊ ဘာမှ မိဘ အပေါ် မသိတတ်တဲ့ ကောင်၊ သိအောင်တော့ သွားပြောဦး မှပဲ "

ကိုတင်မောင် တစ်ယောက် တိုက်ပုံ အင်္ကျီ ကောက်စွပ်ပြီး၊ ရပ်ကွက်ရုံးကို သွားမလို့ လုပ်တုန်း၊ ဒေါသ ဖြစ်ပြီး သူ့သား အိမ်ဘက် ထွက်လာ ခဲ့တယ်။

သား အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ၊သားလုပ်သူက အင်္ကျီ အဖြူ လည်ကတုံး ဝတ်ပြီး၊အိမ်ပေါ်က ဆင်းလာတာ တွေ့ရ တယ်။

"ဟေ့ကောင်… မင်းကိုငါ ပြောစရာ ရှိလို့ လာခဲ့တာ ကွ...

အခု မင်းက ဘယ် သွားဦး မလို့လဲ"

"ရပ်ကွက် ဓမ္မာရုံမှာ ဟောပြောပွဲ ရှိလို့ အဖေ....

ပြောစရာ ရှိရင် နောက်မှ ပြောပါလား....

အရေးကြီး နေလို့ပါ"

သားဖြစ်သူရဲ့ စကား အဆုံး၊ ကိုတင်မောင် သူ့သားကို သေသေ ချာချာ ကြည့်လိုက်တဲ့ အခါ...

"သြော်… ဒီကောင့်မှာ တိုက်ပုံ အင်္ကျီမှ မရှိပဲ ကိုး" ဟု ရေရွတ်ပြီး...

"ဟေ့ကောင်…ဟောပြောပွဲ သွားမှာ ဆိုရင် တိုက်ပုံ ပါမှ ကောင်းတာကွ…

ရော့.... ငါ့တိုက်ပုံ အင်္ကျီ ဝတ်သွား....

ကျောင်းဆရာ ဆိုတာ တိုက်ပုံ အင်္ကျီ နဲ့မှ၊ကြည့်ကောင်း တာကွ"

ဟုဆိုကာ သူ ဝတ်လာသော တိုက်ပုံ အား ချွတ် ပေးလိုက် ပါသည်။

.

.

အိမ် ပြန်ရောက်တော့....

"ကိုတင်မောင်…ရှင် သွားတုန်းက တိုက်ပုံ အင်္ကျီ နဲ့ပါ.....

အခု ပြန်လာတာ တိုက်ပုံလည်း မတွေ့ တော့ ပါလား...

ဘယ်မှာများ မေ့ ကျန်ရစ်ခဲ့ ပါလိမ့် "

"မင်းသား ကွာ…

ဓမ္မာရုံမှာ ဟောပြောပွဲ ရှိတယ် ဆိုလို့…"

"အလိုတော်… ရှင့်သားက၊ခန္ဓာကိုယ် ပေါ်က တိုက်ပုံတောင် ချွတ်ယူ သလား...

ဒင်းဆီ ရောက်သွားရင် ပြန်မရ တော့ဘူး ဆိုတာ ရှင်လည်း သိသိ ကြီးနဲ့"

"မင်း ပြောလည်း ခံရ မှာပဲ မိန်းမရယ်…ဒါပေမယ့် အခု ဟာက သားက ချွတ် ယူတာ မဟုတ်ပါဘူး...

ငါ… ကိုယ်တိုင်က ကျေကျေ နပ်နပ် နဲ့ ချွတ် ပေးလိုက် တာပါ "

ခရစ်ဒက်စ်

Comments