ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ

by - December 15, 2019


တခါက မုဆိုးလင်မယား နှစ်ယောက် ရှိတယ် ။ မိန်းမ ဖြစ်သူက မုဆိုး အလုပ် လုပ်နေတဲ့ ယောကျ်ားဖြစ်သူကို ဒီအလုပ် လုပ်တာ မကြိုက်ရှာဘူး ။

ဒါနဲ့တနေ့တော့ သူ့ယောကျာ်းကို

" ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေး လုပ်ပါဦးလား
ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ " ဆိုပြီး လွတ်လိုက်တယ် ။

အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လို လက်ရ သွားရှာတယ် ။

ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး
" တပည့်တော်ကို တရားတပုဒ် လောက် တိုတို တုပ်တုပ်လေး ဟောပေးပါ ဘုရား " လို့ တရားတောင်း တယ်လေ ။

ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က
" ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။ " ဒါ အတိုဆုံး တရားပဲ တဲ့ ။

ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ် ။

" အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုး ဘဝနဲ့ ရပ်တည်လာတာ (၅၅) နှစ်တောင် ရှိပါပြီ ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလား ဘုရား ။ ခုလည်း ဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့ " လို့ လျှောက်တော့ ။

ဆရာတော်က ဒီနားလာခဲ့ လို့ခေါ်ပြီး သူ့ကို အပ်နဲ့ ထိုးလိုက်တယ် ။

ဒီတော့ မုဆိုး က " အား " လို့ထအော် တာပေ့ါ ။ အဲဒီမှာ ဆရာတော်က မေးတယ် ။

" မင်းကို အပ်နဲ့ထိုးတာကြိုက်လား ? " တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ် ။

" ဘယ်ကြိုက်ပါ့မလဲ ဘုရား
တပည့်တော်က အပ်နဲ့မပြောပါနဲ့၊ မျက်စောင်း ထိုးရင်တောင် ကြိုက်တာ မဟုတ်ဘူး "လို့ပြောသတဲ့ ။

ဒီမှာပဲ ဆရာတော်က

" ဒါဆို မင်းကိုအပ်နဲ့ထိုးတာတောင် မကြိုက်ဘူး ဆိုရင် လေးနဲ့ပစ် ၊ မြှားနဲ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ "
..
..
..
လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ ။
ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး ။ သူများ အသက်ကျသတ်တယ် ။
ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး ။ သူများကျတော့ ညာပြောပြန်တယ် ။

တကယ်တော့ ကိုယ်မကြိုက်ဘူး ဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာ လုပ်နေတတ်တယ်လေ ။

ဒါကြောင့် ဆရာတော်ဟောတဲ့ “ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” ဆိုတဲ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ် ။

ဒီတရားလေးကို သိခွင့်ရသွားကြ ကုန်သော စာဖတ်သူ အပေါင်း တို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံ များကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေ ရရှိခံစား နိုင်ကြပါစေ ။

ခရစ်ဒက်စ်

You May Also Like

0 comments