အသံသွင်းခံလိုက်ရတဲ့ ဆရာဝန်

by - December 17, 2019


ဒီဘက်ခေတ်မှာ ဆရာဝန်တွေရဲ့ မကောင်းကြောင်းတွေ Social Media တွေ ပေါ်မှာ ပလူပျံနေ သလိုကို တွေ့လာ ရ ပါတယ် ။ ဟုတ်တာရော မဟုတ်တာ တွေကောပေါ့ ။

ဒီနေ့လည်း ကျွန်တော် လူနာတဦးကို ဆူနေတုန်း အသံသွင်း ခံလိုက်ရတယ် ။ ကျွန်တော် ဆူလိုက်တဲ့ လူနာ နာမည်က ကိုကြွက်တွင်း ။ အသံသွင်း သွားတာက သူ့အမျိုးသမီး ။

ဆေးရုံ ရောက်လာတဲ့ အချိန်မှာ ကိုကြွက်တွင်းက ဗိုက်ကား အသားဖောရောင် မျက်လုံး ဝါ ဖြူဖျော့နေပြီ ။ လိုအပ်တဲ့ ကုသမှုတွေ ပေးရင်း ဆူလိုက် မိတာ ။

" ကိုကြွက်တွင်း ... ခင်ဗျား ဒီပုံစံနဲ့ ဆေးရုံ တက်လိုက် ဆင်းလိုက် လုပ်နေရတာ ဘယ်နှစ်ခါ ရှိပြီလဲ "

ဟုတ်တယ်လေ ... ကိုကြွက်တွင်းက အရက်သောက် ၊ အရက်ရဲ့ဆိုးကျိုးတွေ ကြောင့် အသည်းထိ ၊ အစာအိမ်ထိ ၊ သွေးအန် သွေးဝမ်းသွားပြီး ဆေးရုံ ကို သူ့အိမ်လုပ်နေခဲ့တာ ငါးခါ ခြောက်ခါ မကတော့ဘူး ။

ကိုကြွက်တွင်းက ထုံးစံ အတိုင်း ကွမ်းချေး တက်နေတဲ့ အနီရောင် သွား သုံးဆယ့် ခြောက်ချောင်း ပေါ်အောင် ပြုံးပြီးမှ ခပ်တိုးတိုး စကားဆိုတယ် ။

" နည်းနည်း ပါးပါး ပါဆရာရဲ့ "

" ဒီတခါ သက်သာပြီး ပြန်ဆင်းသွားရင် အရက် မသောက်တော့နဲ့ဗျ "

" ဟဲ ဟဲ ဆရာတို့ ရှိတာပဲ "

ကဲကြည့်ဦး ။ သူ့ဘဝကြီးမှာ မှန်တာပြော သစ္စာ လို့ ခံယူထားသလား မသိ ။ မသောက်တော့ဘူးလို့ တခွန်းမှ မဟဘူး ။

" ဆရာတို့ ရှိတယ် လုပ်မနေနဲ့ ... ခင်ဗျား ဒီပုံစံနဲ့ဆို သေတော့မှာ ...
သိပ်မလိုတော့ဘူး ... ဦးကျော်သူ ကားသာ ခေါ်ထားတော့ "

အဲဒီလို ပြောပြီး ထွက်လာတာ ။

ခဏကြာတော့ ကိုကြွက်တွင်းရဲ့ မိန်းမ က ကျွန်တော် နားနေတဲ့ အခန်းထဲကို ရောက်လာတယ် ။
သူ့ဖုန်း စပီကာကို ဖွင့်ပြတယ်။

" ဆရာတို့ ရှိတယ် လုပ်မနေနဲ့ ။ ခင်ဗျား ဒီပုံစံနဲ့ဆို သေတော့မှာ ။ သိပ်မလိုတော့ဘူး "
ကိုယ့် အသံကိုယ် ပြန်ကြားရတော့  ဟ ... ဘာလဲပေါ့ ဖြစ်သွားတယ် ။

ကိုကြွက်တွင်းရဲ့ မိန်းမက ကျွဲရိုင်းဘူးတွေ စားပွဲခုံ ပေါ် တင်ရင်း

" ဆရာ့ကို ကျေးဇူး တင်လိုက်တာ ...
ကျွန်မ ယောက်ျားကို အဲ့လို ပြောမဲ့လူ ရှိစေချင်တာ ...

ဆရာ့အသံကို ခဏခဏ ဖွင့်ပြရမယ် ... ဒါမှ အရက်ထပ် မသောက်ရဲမှာ ...
ကျွဲရိုင်းဘူး သုံးဆောင်ပါဦး ဆရာ "

ဟင် ....

ကိုယ့် အသံကို facebook ပေါ် တင်မယ် မှတ်နေတာ ။
သူမက သူမယောက်ျားကို ဖွင့်ပြ မလို့တဲ့ ။ ကျေးဇူး တင်ကြောင်း တရစပ်ပြောပြီး ပြန်သွားတယ် ။

😁😁😁
ဟမ်စိုင်း( ဆေး - မန်း )

You May Also Like

0 comments