လှေရယ် ၊ မြင်းရယ် ၊ လူရယ်

by - December 15, 2019


လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ ၊
ဒါပေမယ့် အဲဒါက လှေ တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။

တနေ့ကို မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တစ်ကောင် ရှိတယ် ၊
သူ့ရဲ့ အရည်အချင်းကို ဖော်ထုတ်ပြသဖို့ အခွင့်အရေးကို စောင့်နေတယ် ။

ကုန်သည် ရောက်လာတယ် ၊ မြင်းကို မေးတယ် ၊
'' မင်း ငါနဲ့ လိုက်နိုင်မလား ''

မြင်းက ခေါင်းခါပြီး ပြောတယ် ၊

'' ငါက တနေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ ...
ဘယ်လိုဖြစ်လို့ ကုန်သည်နောက် လိုက်ပြီး ကုန်ထမ်း ရမှာလဲ ''

စစ်သား ရောက်လာတယ်၊ မြင်းကို မေးတယ် ၊
'' မင်း ငါနဲ့ လိုက်နိုင်မလား ''

မြင်းက ခေါင်းခါပြီး ပြောတယ် ၊
'' ငါက တနေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ ...
ဘယ်လိုဖြစ်လို့ သာမာန် စစ်သား တယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ ''

မုဆိုး ရောက်လာတယ် ၊ မြင်းကိုမေးတယ် ၊
'' မင်း ငါနဲ့ လိုက်နိုင်မလား ''

မြင်းက ခေါင်းခါပြီး ပြောတယ် ၊
'' ငါက တစ်နေ့ မိုင်တစ်ထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ ...
ဘယ်လိုဖြစ်လို မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှု ဒဏ် ခံရမှာလဲကွ ''

ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွား ခဲ့တယ် ။
မြင်းဟာ သူနဲ့ တန်တဲ့ အလုပ် ကို ရှာမတွေ့သေးဘူး ။

တနေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီး တစ်ယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည် ၊

အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ် ၊

'' ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်း ပါ ''

စစ်သူကြီးက မေးတယ် ၊

'' ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ''
မြင်းက ခေါင်းခါတယ် ၊

စစ်သူကြီးက ထပ်မေးတယ် ၊
'' ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား ... စစ်ပွဲ အတွေ့အကြုံ ရှိသလား ''
မြင်းက ခေါင်း ထပ်ခါတယ် ၊

စစ်သူကြီးက ထပ်မေးတယ် ၊
'' ဒါဆို မင်း တောထဲ တောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့ အခါ သခင့်အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲ သလား ''
မြင်းက ခေါင်း ထပ်ခါတယ် ၊

စစ်သူကြီးက ပြောတယ် ။
'' ဒါဆို မင်း ဘာအသုံးကျ သေးသလဲ ''

မြင်းက ပြောတယ်
'' ကျနော် နေ့ဘက်ဆို မိုင်တစ်ထောင် သွားနိုင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာ သွားနိုင်တယ် ၊
လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ် ''

စစ်သူကြီးက မြင်းပေါ် ခွတက်စီး လိုက်တယ် ၊
မြင်းက အားစိုက်ပြီး တစ်ဟုန်ထိုး ပြေးလိုက်တယ် ၊
ဒါပေမယ့် ၁၀ လှမ်းလောက်ပဲ ပြေးရသေးတယ် ၊
အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပြန်လာတယ် ၊

'' မင်းအိုသွားပြီ ... မပြေးနိုင်တော့ဘူး '' ဟု ဆိုကာ စစ်သူကြီး ပြန်လှည့်ထွက် သွားသည် ၊

ဒီနေ့ သင်လုပ်တဲ့ ကိစ္စ တစ်ခုစီတိုင်းဟာ သာမာန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တစ်ချိန် အတွက် အင်အားလေး တစ်ခု ဆိုတာ သိထားပါ ၊

ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှု တိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေး တွေပါ ၊

အိုသွားတဲ့ အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရ ပါလား လို့ နောင်တ မရပါနဲ့ ၊

လှေက ကမ်းမှ ာကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ။

ပညာက အရည်အချင်းကို ကိုယ်စား မပြုဘူး ၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူး ၊

မနေ့က ကျော်ဇောခဲ့တဲ့ အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ် အချို့ ဖြစ်သွားပြီ ၊

ဒါ့ကြောင့် အရေးကြီးတာက
မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး ၊
ဒီနေ့ သင်ဘယ်သူလဲ ဆိုတာပါ ၊

ပိုပြီး အရေးကြီးတာက ...
ဒီနေ့ သင်ဘာလုပ်သလဲ ...
မနက်ဖြန် သင်ဘာဖြစ်မလဲ ဆိုတာပါ ။

Credit

You May Also Like

0 comments