ရွေးနီမလေး နှင့် ကောက်ကျစ်သော ဝံပုလွေ

by - December 26, 2019


တခါတုန်းက ပေါ့ကွယ် ။

ရွေးနီမလေးဟာ သူ့ခြင်းတောင်းလေး ထဲမှာ ပေါင်မုန့်တွေ ထည့်ပြီး သစ်တောအုပ် တဖက်ခြမ်းက နေမကောင်းတဲ့ သူ့အဘွားဆီ လာခဲ့ပါသတဲ့ ။

လမ်းမှာ ရွေးနီမလေးဟာ ဝံပုလွေ တကောင်နဲ့ တွေ့သတဲ့ ။

" ရွေးနီမလေးရေ ... ဘယ်သွားမလို့လဲ " လို့ ဝံပုလွေဆိုးကြီးက မေးလိုက်တယ် ။

" တောအုပ် တဖက်ခြမ်း သစ်လုံး အိမ်လေးမှာ နေတဲ့ ကျွန်မအဘွားဆီ သွားမလို့ပါ " လို့ ရွေးနီမလေးက ပြန်ဖြေသတဲ့။

" ရွေးနီမလေးရယ် ... မင်းအဘွားက တယောက်တည်း နေတာလား ၊ နေရောကောင်းရဲ့လား " လို့ ဝံပုလွေဆိုးက ထပ်မေးပြန်တယ် ။

" အဘွားက တစ်ယောက်တည်းနေတာပါ ။ အခု နေမကောင်းလို့ ကျွန်မ သွားကြည့်မလို့ပါ " လို့ ရွေးနီမလေးက ပြန်ဖြေသတဲ့ ။

ဒီတော့ အကြံဆိုးနဲ့ ဝံပုလွေဟာ ချက်ချင်း လှည့်ပြန်သွားပြီး တောအုပ် တဖက်ခြမ်းက အဘွားရဲ့ အိမ်ကို အလျင်အမြန် သွားသတဲ့ ။

ကောက်ကျစ်တဲ့ ဝံပုလွေဟာ မြေးအဘွား နှစ်ယောက်လုံးကို စားဖို့ ကြံရွယ်ပြီး .. သစ်လုံး အိမ်လေး ရောက်တဲ့အခါ .. အိပ်ရာထဲ လဲနေတဲ့ အဘွားကို ကိုက်သတ်စား လိုက် ပါတယ် ။

ပြီးတော့ .. အဘွားရဲ့ သိုးမွှေးခေါင်းစွပ်ကို စွပ် ၊ ဝါဂွမ်းစောင်ကို ခြုံပြီး အဘွား အယောင် ဆောင်နေတာပေါ့ ။

သိပ်မကြာခင်မှာပဲ ရွေးနီမလေး ရောက်လာပြီး အိမ်တံခါးကို ခေါက်လိုက်တယ် ။

ဝံပုလွေဟာ အဘွားအသံနဲ့ တူအောင် တုပြီး " ဝင်ခဲ့လေကွယ် " လို့ ပြောလိုက်ပြီး ရွေးနီမလေး အနားရောက်လာရင် ခုန်အုပ်ပြီး စားဖို့ ကြံစည်နေသတဲ့ ။

ရွေးနီမလေးဟာ အိမ်ထဲရောက်လာတဲ့ အခါ ကုတင်ပေါ်က အဘွားကို တွေ့တာနဲ့ ...သူ့ ခြင်းတောင်းထဲက ပေါင်မုန့်တွေ အောက်မှာ ဝှက်လာတဲ့ အူဇီ စက်သေနတ်ကို ထုတ်ပြီး ... အဘွားရှိရာကို ဒက် .. ဒက် .. ဒက် နဲ့ မွှေ့ပစ်လိုက် ပါသတဲ့ ။

ပါးစပ်ကလည်း " ငါ့ကို အမွေမပေးချင်ပဲ ... သူ့လင်ငယ်လေးကို အမွေတွေ ပေးခဲ့တဲ့ အဘွားကြီး .. မှတ်ပလား " ဆိုပြီး ရေရွတ်လိုက် သတဲ့ ။

ပြီးတာနဲ့ ရွေးနီမလေးဟာ .. အဘွားရဲ့ အိပ်ရာဘေးက မီးခံသေတ္တာ ကို သေနတ်နဲ့ ပစ်ဖွင့်ပြီး ဒေါ်လာတစ်သန်း ကို သူ့ခြင်းတောင်းလေးထဲ ထည့်ပြီး မနိုင့်တနိုင်နဲ့ တောအုပ်ထဲ ပြန်သွားလေရဲ့ ။

သစ်လုံးအိမ်လေး ထဲက ကုတင်ပေါ်မှာတော့ .. ကောက်ကျစ်တဲ့ ဝံပုလွေဟာ ဘုမသိ ဘမသိ နဲ့ မသာပေါ်ကျန်ရစ် သတဲ့ ကွယ် ။

( သင်ခန်းစာ - သူများ စောက်ဇယား ဘယ်လို ရှိမှန်းမသိပဲ အချောင်အုပ်ဖို့ မစဉ်းစားပါနဲ့ ၊ ကိုယ့် သွေးသားကို ကျော်ပြီး လင်ငယ်ကို အမွေမပေးပါနဲ့ ၊ တောင်းမရရင် တိုက်ယူပါ )

ဗြိတိသျှကိုကိုမောင်

မှတ်ချက် - အမေရိကန်စာရေးဆရာ ဂျိန်းသာဘာ ၏ ပုံပြင်အား ကိုယ့်ဘာသာ ပြန်စတန့်ထွင်လိုက်သည် ။

You May Also Like

0 comments