အတွေး

by - December 27, 2019


တခါက စီးပွားရေး လုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို တဒေါ်လာ ထည့်လိုက်ပါတယ် ။ ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ် ကို ပြေးတက်သွား ပါတယ် ။

နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တချောင်းကို နှိုက်ယူလိုက် ပါတယ် ။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ် ။

နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ် ။

“ ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲလေ ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ် မှတ်ထားတာပဲ မဟုတ်လား ။ ကြိုးစားပါ ။ ” လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ် ။

နောင်နှစ်ပေါင်း များစွာ ကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တခုမှာ သားသား နားနား ဝတ်စားထားတဲ့ သူတယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက် ပါတယ် ။

“ ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး ။ ခင်ဗျားနဲ့ မတွေ့မီ အချိန် အထိတော့ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တယောက်ပါပဲ ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ် ” လို့ ပြောခဲ့ပါတယ် ။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ် ။

သူ့ကိုယ်သူ အဲ့ဒီအချိန်က စပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ လို့ တွေးတော ခဲ့တယ် ။

စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင် ကျင့်သုံး ပြုမူ ခဲ့တယ် ။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ ။

မိမိအတွေး ပုံရိပ်ထဲမှာ “ ငါဟာ သူတောင်းစားပဲ ” လို့ တွေးပါ များရင် “ ငါဟာ သူတောင်းစားပဲ ” ဆိုတဲ့အသံသာ အထပ်ထပ် ပြန်ကြားနေရ မှာပါ ။ “ ငါဟာ လုပ်ငန်းရှင်ပဲ ” လို့ တွေးလိုက်တာနဲ့ “ ငါဟာ လုပ်ငန်းရှင်ပဲ ” ဆိုတဲ့ အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာ ပါပဲ ။

နောက်ပြီး ဒီပုံပြင်လေး ထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ် ။

လူတွေရဲ့ ခန္ဒာကိုယ် ထဲမှာ ပါရမီတွေ ၊ အစွမ်းအစတွေ ရှိနေကြပါတယ် ။ ဒါတွေကို သင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်း အစတွေဟာ အငြိမ် မနေနိုင်ပဲ စွမ်းအားတွေ အဖြစ် ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင် ပါသေးတယ် ။

ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေ ပါပဲ ။

တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ် ဆိုတာ အာမခံပါတယ် ။

သင်ပြုတဲ့ကံ ၊ ပဲ့တင်သံ ၊ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ် ။

ခရစ်ဒက်စ်

You May Also Like

0 comments