ကြက်သွန်နီ


" ဟိုက်ရှ် "

မြတ်စွာဘုရား .. ဟိုးရှေ့မှာတွေ့နေရတဲ့ အရာက ကြက်သွန်နီမှ ဟုတ်ပါရဲ့လား .. အရောင်လေးတွေက တလက်လက် ၊ အညွှန့်တက်လေးတွေ ကလည်း ထိုးထိုး ထောင်ထောင်နဲ့ ဆိုတော့ သေချာပါတယ် ဒါကြက်သွန်နီ မှ ကြက်သွန်နီ အစစ်ကြီး ပါနော် ။

ဪ .. ငါကြီးတောင် ကြက်သွန်နီ ဆိုတာ မတွေ့ရတာ ကြာတော့ ပုံပန်း သဏ္ဍာန်တွေတောင် မေ့နေပါပေါ့လား

ဟုတ်ပါသည် .. ကြက်သွန်နီ ဆိုသည်မှာလည်း ဒေါ်လာဈေး ထက်ပင် ဆိုးနေသည် ။ ဒေါ်လာ ကမှ အတက်အကျ ရှိသေးသည် ။ ကြက်သွန်နီ ကတော့ အတက်ချည်းသာ ဖြစ်၏ ။ ထို့ကြောင့် ကြက်သွန်နီ ဆိုတာကို မတွေ့တာကြာပြီ ဆိုသည်မှာ အဆန်းမဟုတ် .. မဝယ်စားဖြစ်၍ မမြင်ရခြင်း ဖြစ်သည် ။ ကောင်းလေစွ

ဒီနေ့တော့ ကိုယ်တိုင်ဈေးသုံးနေရင်း မျက်စိရှေ့မှာ မြင်လိုက်ရတော့ ကြက်သွန်နီ အရသာကို ပြန်တမ်းတမိပြီး စားချင်စိတ်တွေ တဖွားဖွား ဖြစ်လာသည် ။

သို့သော်လည်း ကြက်သွန်နီကို ဈေးမမေးရဲ ... ဈေးဖိုး ပါလာသည်မှ မြန်မာငွေ ၃ ထောင် မတော်တဆများ ကြက်သွန်နီဈေး မေးရာကနေ အခန်မသင့်လျှင် မင်းသွေးလို ရှော့ရိုက်ပြီး ထိုနေရာတွင် ပွဲချင်းပြီးသွားနိုင်သည်။

သို့သော်လည်း စားချင်စိတ်က ပိုများနေသောကြောင့် ကြက်သွန်နီဈေးကို ဝင်မေးမှ ဖြစ်ပေတော့မည် ။ အိုကေ ။ အရင်ဆုံး ရှူဆေး ၁ဗူး ၊ အဘထ ၁ဗူး ၊ သံပရာသီး ၂ လုံး ပြေးဝယ် လိုက်သည် ။ မတော်တဆ ရှော့ဖြစ်ခဲ့လျှင် အသက်အချိန်မှီ ကယ်တင်နိုင်စေရန် ဖြစ်၏ ။

အကယ်၍များ အသက်မမှီခဲ့ပါက ကျန်ရစ်သူ မိသားစုများ သိရှိစေရန် သေတမ်းစာ တစောင်ကိုလည်း ရေးသွားရပေမည် ။ ထို့ကြောင့် နီးစပ်ရာ ဆိုင်တစ်ဆိုင်မှ ဘောပင်တစ်ချောင်းနှင့် စာရွက် တစ်ရွက်အား အကူညီတောင်း၍ သေတမ်းစာ တစ်စောင်အား ချရေး လိုက်သည် ။

" အမေရေ .. အမေည ဒီစာဖတ်နေတဲ့ အချိန်မှာ သားလူ့လောကမှာ ရှိတော့မှာ မဟုတ်ပါဘူး .. သားကို ခွင့်လွတ်ပေးပါ .. အမေသားကို ကြက်သွန်နီဈေး သွားမမေးမိဖို့ အတန်တန် မှာထားတဲ့ ကြားကနေ ဈေးသွားမေး မိတဲ့ သားအမိုက်မဲလေးရဲ့ အပြစ်ပါ ...

သားကို ခွင့်လွတ်ပေးပါ .. ၈ တန်းနှစ် တုန်းက ဘုရားစင်ပေါ်က ၂ ရာတန် အသစ် သုံးရွက်ကို ယူသွားခဲ့တာ ကျနော်ပါ ... အဲဒါကလည်း ဂေါ်လီကြွေး ဆပ်ဖို့ပါပဲ .. ညီမလေးကိုလည်း ခွင့်လွတ်ဖို့ ပြောပေးပါ .. အဲ့တုန်းက သူ့ကို ရိုးချခဲ့တာလေ ...

နောက်ပြီး ကျနော့် ခေါင်းအုံးအောက်မှာ ကျနော် ခရက်ရှ် နေတဲ့ ကောင်မလေး ၅ ယောက်ကို ပေးဖို့ ဆိုပြီး ရည်းစားစာ ၅ စောင်ကို ဘိုင်နိမ်းမ်နဲ့ တပ်ပြီး ရေးထားပါတယ် .. အဲဒါတွေကိုလည်း ကာယကံရှင်တွေ ဆီ အရောက် ပို့ပေးပါ ..

ဒီလောက်ပါပဲ နောက်ဘဝကျမှပဲ အမေ့ကို အလုပ်ကျွေး ပြုပါတော့မယ် .. အမေတို့လည်း ဘယ်တော့မှ ကြက်သွန်နီဈေးကို ယောင်လို့တောင် သွားမမေးမိ ပါစေနဲ့ .. နောင်လာ နောက်သားတွေ ကိုလည်း ပြောပြပေးပါ .. ချစ်တဲ့ သားမိုက် "

ထို့နောက် သေတမ်းစာအား အနီးနားရှိ ချာတိတ် တစ်ယောက်အား ပေးပြီး မိမိနား နေစေ၏ ။ ပြီးနောက် ဝယ်ထားသော ရှူဆေး၊ အဘထဗူးနှင့် သံပရာသီးတို့အား လက်တွင် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ကာ ကြက်သွန်နီ အရောင်းဆိုင်သို့ ရင်ကော့ ခေါင်းမော့ကာ ရဲရဲဝံ့ဝံ့ ဝင်သွားလိုက်ရ ပါတော့သည် ။

" ဦးလေး ဦးလေး "

" ပြောလေ .. သား "

" ကြက် . . ကြက် .. ကြက်သွန်နီဈေး ဘယ်လောက်လဲ ဟင် "

" တစ်ပိဿာ ၄ထောင် "

" မိန်းမိန် ဆိုင်းဘုတ် .. အံ့သြဘ "


" ဂစ် .. ဂစ် .. ဂစ် "

ထို့နောက် ဖေ့ဘုတ်ပေါ်၌ သတင်း တခု တက်လာပါ တော့သည် ။

သီရိမင်္ဂလာဈေးတွင် ကြက်သွန်နီဈေး မေးမိရာမှ
ရှော့ဖြစ်ကာ ကြွေလွှင့်သွားခဲ့ရသော ကြယ်ပွင့်တစ်ဦး :'(

😁😁😁
စိန်သောင်း

Comments