သံဃာကို ပြစ်မှား၍ ခွေးစားခံရသူ


ခွေးအပေါင်းနဲ့ လေးထမ်းပြီး အမဲလိုက်ထွက်လာတဲ့ ကောကမုဆိုးဟာ လမ်းခရီးမှာ ဆွမ်းခံကြွလာတဲ့ ရဟန်းတပါးကို မြင်တော့ ကုသိုလ်စိတ် မပွားနိုင်တဲ့ အပြင် သူယုတ်နဲ့ ဆုံရတယ် ဆိုပြီး စိတ်ဆိုး ဒေါသထွက်တယ် ။

ရဟန်းယုတ်ကို မြင်ရလို့ သားကောင်လဲ ရမှာမဟုတ်ဘူး လို့ တွေးပြီး တောထဲကို ဆက်ထွက်ခဲ့တယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့မှာ ဘာသားကောင်မှ မရခဲ့ပါဘူး ။ ဒါကြောင့်.. စိတ်တိုတိုနဲ့ ပြန်လာတဲ့အချိန်မှာ ကျောင်းသင်္ကန်းကို ပြန်ကြွလာတဲ့ အလာတုန်းက တွေ့ခဲ့တဲ့ ရဟန်းနဲ့ မျက်နှာချင်းဆိုင် ပြန်ဆုံပါလေရော ။

ဒီအခါ မုဆိုးယုတ်က ငါ အမဲမရတာ ဒင်းကြောင့် လို့ မဆီမဆိုင် အကြီးအကျယ် စိတ်ဆိုးပြီး သူ့အမဲလိုက်ခွေးတွေနဲ့ ရှူးတိုက်ပါတော့တယ် ။ ရဟန်းတော်က ဒါယကာ ဒီလိုမလုပ်ပါနဲ့ လို့ အတန်တန် တောင်းပန်ရှာပေမဲ့ မုဆိုးမိုက်က နားမဝင်ပါ ။

သခင့်အလိုကျ သွေးဆာနေတဲ့ အမဲလိုက်ခွေးကြီးတွေကလည်း ရဟန်းတော်ကို အတင်းလိုက် ကိုက်ခဲပါတော့တယ် ။ ရဟန်းခင်မျာ ပြေးမလွတ်တဲ့ အဆုံး မှီရာ သစ်ပင်ပေါ်ကို စွဲတက်လိုက်ရပါတယ် ။

အဲဒီအခါ ခွေးများက တွဲလျှောင်းကျနေတဲ့ ရဟန်းရဲ့ ခြေအစုံကို ခုန်ပြီး ကိုက်စွဲနေကြသလို မုဆိုးမိုက်ကလည်း မလုပ်ရန် တောင်းပန်နေပါ လျှက်က မြှားတံထိပ်ဖူးနဲ့ ခုန်ခုန် ထိုးနေပြန်တယ် ။ ရဟန်းတော်ဟာ ခွေးကိုက်ခဲတဲ့ဒဏ် ၊ ခွေးလိုမိုက်မဲတဲ့ မုဆိုးကိုက်တဲ့ဒဏ် တို့ကို မီးစနဲ့ ထိုးခံရတဲ့ အလား မချိမဆံ့ကြီး ခံစားနေရရှာတယ် ။

အဲဒီအခိုက်အတန့်မှာ မထင်မှတ်ဘဲ အပြောင်းလဲကြီးတစ်ခု ဖြစ်ပေါ်သွားပါတယ် ။ အဲဒါကတော့ ရဟန်းတော်ရဲ့ ကိုယ်ရုံသင်္ကန်းဟာ လျှောကျသွားပြီး မုဆိုးမိုက်ရဲ့ ခေါင်းပေါ်ကနေ တကိုယ်လုံးကို ခြုံပြီးသား ဖြစ်သွားခြင်းပါပဲ ။

သင်္ကန်းခြုံလျှက်သား မုဆိုးမိုက်ကို ရဟန်းအထင်နဲ့ ခွေးအုပ်ကြီးက ဝိုင်းဝန်းကိုက်ခဲ စားသောက်ကြတော့တယ် ။ ရဟန်းတော်က ခွေးတွေကို သစ်ကိုင်းခြောက်များနဲ့ ပစ်ပေါက်ခြောက်လန့်လို့ ထွက်ပြေးသွားကြ ပေမဲ့ မုဆိုးမိုက်မှာ အသားမရှိတော့တဲ့ အရိုးပုံ အဖြစ်နဲ့ သေသွားပါပြီ ။

ကိုယ့်အတတ်ကိုယ်စူး ၊ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာခြင်းလို့ပဲ ဆိုရမှာပါ ။ ဒီမုဆိုးမိုက် အသေဆိုးနဲ့ သေခြင်းဟာ အပေါ်ယံ ကြည့်ရင် ခွေးကိုက်လို့လို့ ထင်ရပေမဲ့ တကယ်တမ်း အတွင်းကျကျ တွေးကြည့်ရင် ခွေးကိုက်လို့ သေရတာ မဟုတ်ဘဲ သံဃာကို ပစ်မှားမိတဲ့ သူ့ရဲ့စိတ်ယုတ်မာ ကိုက်လို့ သေရတာပါ ။

အပါယ်ငရဲမှာလည်း ခွေးကိုက်လို့ ခံစားရတဲ့ နာကျင်မှုထက် အဆပေါင်း သိန်းသောင်းမက နာကျင်တဲ့ ဝေဒနာဆိုးတွေကို နှစ်ကာလများစွာ ခံစားရဦးမှာပါ ။ ငရဲက လွတ်ပြန်ရင်လဲ ဒီပစ်မှားမှုရဲ့ ကိုက်သတ်ခြင်းကို အကြိမ်ကြိမ် ခံနေရဦးမှာပါပဲ ။

အတွေးမှား တစ်ခုရဲ့ တုန့်ပြန်ချက်က ကြောက်စရာ ကောင်းလှပါဘိ ။ ဒေါသအလျှောက် မသိမှုအလျှောက် ပစ်မှားစော်ကားနေစဉ်က လုပ်ချင်တာကို လုပ်လိုက်ရလို့ ပြောချင်တာကို ပြောလိုက်ရလို့ ပျားသကာကို စားရသလို ချိုမြိန်ခဲ့ရပေမဲ့ ဒီမကောင်းကျိုး အကျိုးပေးချိန် တန်လာတဲ့ခါ အခါးတမာကို ရတာထက် အဆသိန်းသောင်းမက ခါးသီးဆိုးဝါးလှပါတယ် ။ သတိပြု ရှောင်ရှားနိုင်ကြပါစေ ။ ။

အရှင်တေဇ ပုလဲ

Comments