တခါက လင်မယားနှစ်ယောက် ရှိသတဲ့ ။ အသက်အရွယ် ကြီးလာပြီ ဖြစ်တဲ့အတွက် ယောက်ျား ဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူး လို့ သံသယ ဖြစ်မိသတဲ့ ။
သူပြောလိုက်တဲ့ စကားတွေကို မကြား သလိုလို ပြန်မပြော သလိုလို ဖြစ်နေတဲ့ အတွက် မိသားစု ဆရာဝန် နဲ့တိုင်ပင်ကြည့်ရ တာပေါ့ ။
ဆရာဝန် ကတော့ အကြံတစ်ခု ပေးပါတယ် ။ ခင်ဗျားမိန်းမရဲ့ အကြားအာရုံကို စမ်းသပ်ကြည့်ပါ ပေါ့ ။ ပထမ ပေ ၄၀ လောက် အကွာကနေ ပုံမှန် ပြောနေကျ လေသံနဲ့ တခုခု လှမ်းမေးလိုက်ပါ ။ သူပြန်မပြောဘူး ဆိုရင် ပေ ၃၀ ကနေ ပြော ၊ အဲဒါတောင် မကြားသေးဘူး ဆိုရင် တဖြည်းဖြည်း အနား ကပ်ပြီး ပြောကြည့်ပေါ့ ။
အဲဒီလိုနဲ့ ညနေ သူ့မိန်းမ ညစာ ချက်နေတဲ့ အချိန်မှာ သူက ပေ ၄၀ လောက်ဝေးတဲ့ အိမ်ရှေ့ကနေ ပြီးတော့ " မိန်းမရေ ညစာ ဘာဟင်းချက်လဲ " လို့ မေးပါတယ် ။
သူ့မိန်းမ ဆီက ဘာအသံမှ မကြားရပါဘူး ။ ဒါနဲ့ ပေ ၃၀ လောက် ဝေးတဲ့ အိမ်လယ်ခန်း လောက်ဆီ သွားပြီးတော့ ညစာ ဘာဟင်းလဲ လို့ မေးပါတယ် ။ ဘာသံမှ မကြားပါဘူး ။
ဒါနဲ့ ပေ ၂၀ လောက် ဝေးတဲ့ လှေကားနား ကနေ ထပ်မေးပါတယ် ။ မကြားပါဘူး ။ နောက်တော့ စိတ်မရှည်တာနဲ့ မီးဖိုချောင် တံခါးနားကနေ လှမ်းမေး ပါတယ် ။ ဘာမှ မကြားပါဘူး ။
သူကတော့ ငါ့မိန်းမတော့ တော်တော် နားကန်းနေပြီဟ ဆိုပြီးတော့ ဒေါသတွေ ထွက်နေပါတယ် ။ နားနှာခေါင်း ဆေးရုံကို ပို့ဖို့ လိုနေပြီလို့ ထင်လိုက် ပါတယ် ။
အဲဒါနဲ့ သူ့မိန်းမ ဘေးနားကို သွားပြီး ညစာ ဘာချက်လဲ လို့ ပြောလိုက် ပါတယ် ။
အဲဒီအခါ သူ့မိန်းမက " ယောက်ျားရေ ရှင်ဘာဖြစ်နေတာလဲ ... ကျွန်မ ငါးခါစလုံး ကြက်သား ချက်တယ်လို့ ပြန်ဖြေတယ်လေ " လို့ ပြောလိုက်ပါတယ် ။
တခါတလေမှာ ကိုယ်က ဖြစ်နေတာကို သတိ မထားမိဘဲ သူများအပေါ် လက်ညိုး ထိုးချင်တဲ့ စိတ်ဓါတ်လေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
MgSai
Comments
Post a Comment