မိန်းမနိုင်နည်း


ကျုပ်တို့ရွာထဲက ကိုသောင်းအေးကြီး

အသက်ကြီး ကာမှ ကံကောင်းတယ် ပြောမလား ၊
ကံဆိုးတယ် ပြောမလားမသိ ...
မိန်းမ ရသွားလေရဲ့

ရသွားတာက ဈေးရောင်းတဲ့ ကရင်မ အပျိုကြီး
အပြော ကြမ်းကြမ်းနဲ့ကိုး

နှစ်လလောက် ကြာတော့
ငတိ ကျုပ်ဆီ ပေါက်ချလာတယ်လေ

" ငါ့ကောင် လုပ်ပါဦး ... "

" ဟ ... ဘာလုပ်ရမှာတုန်း "

" ငါ့မိန်းမကွာ
အပြောက ကြမ်းကြမ်း ၊ အပေါက်က ဆိုးဆိုးနဲ့
ငါချည်း အအော်ခံနေရတာ မဟန်ဘူးကွ
မိန်းမနိုင်နည်းလေး ရှိရင် ပေးပါဦးကွာ "

ကိုင်း ...
သူကလည်း သောက တမျိုး ...
ဆိုးတာက သူ့ထက် ကျုပ်သောကက ပိုကြီးတယ်လေ ...

ကျုပ်မှ မိန်းမ မရသေးတာကိုး
သို့ပေတည့် အကူအညီ အတောင်း ခံရတယ် ဆိုတော့
ရှိသမျှ မကောင်းဉာဏ်လေး ညှစ်ပစ် ထုတ်ရသေးတာပေါ့

" ဒီလိုလုပ်ဗျာ ... "

" အေး ပြောပါဟ "

" ခင်ဗျား အရက် သောက်တတ်လား "

" တယ်ဆိုးတာ ကိုးကွ ...
ငါဘယ်တုန်းက သောက်တယ် ကြားဖူးလို့တုန်း "

" အေး ... အခု သောက်ရမယ်ဗျာ ...
မိန်းမ နိုင်ဖို့ သောက်ကို သောက်ရမယ် ကိုင်း ... "

" ချတာပေါ့ကွာ ...
မူးမူးနဲ့ ပါးတွေချည်း ဆွဲရိုက် ပစ်မယ် "

အကြံကောင်းရင် တချက်ပဲ တဲ့လေ ...
ကြားဖူးနားဝ က ရှိထားတာကိုး ...

ကျုပ်လည်း လူရိုးကြီး ကိုသောင်းအေးနဲ့
ကပ်ပြီး အရက် သောက်ရသေးတာပေါ့

ငတိ ပြန်သွားတော့ ပြဲကွဲပြီး သွားတာပဲ
ကျုပ်က သိပ်မမူးသေးတော့ လိုက်ချောင်းတာပေါ့ ...

စပြီလေ အိမ်ရှေ့ရောက်တာနဲ့
ဟိုငမူးက ရန်ရှာတော့တာပဲ ...

" ဟဲ့ ယဉ်ယဉ်လှ ... ထွက်ခဲ့စမ်း "

မကြာဘူး ...
သူခေါ်ပြီး ခဏနေ တာနဲ့
သူ့မိန်းမကြီး လက်ထဲမှ တံမြက်စည်းကိုင်လို့ ထွက်လာတော့ တာပဲ

" ဘာတုန်း ... "

" ဟဲ့ ... နင်လာစမ်း အနားလာစမ်း "

" ဖြန်း ... "

ငိ ... နိပ်သဟ
ကိုသောင်းအေးကြီး အရက် အရှိန်နဲ့  ဆော်ကုန်ပြီ

" ကောင်မ ... အနားကို လာစမ်းဆို "

" ဖြန်း ... ဗြန်း "

အု ... နိပ်သဟ
ဒီတခါ ငတိအလှည့် မဟုတ်ဘူး ...
ကရင်မကြီးက တံမြက်စည်းနဲ့ ကြိတ်တာ ...
ငတိခမျာ ကျောကို ကော့လို့
သူမှ မထနိုင်ပဲ ကိုး

သုံးချက်လောက့် ဆင့်ရိုက်ပြီးတော့
ကိုသောင်းအေးကြီး လှုပ်ကို မလှုပ်တော့ဘူး ...

ချောင်းကြည့်နေတဲ့ ကျုပ်တောင် မျက်လုံးတွေ ပြာပြီး ...
အမူးပါ ပြေသွားတယ်ဆို ... အဟုတ်

နောက်ရက် အမူးပြေတော့ ...
ငတိ ပြန်ရောက်ချ လာတာပဲ

" ငြိမ်းမောင် ... အကြံပေးပါဦးဟ "

" ဟိုနေ့က ... အဆင်မပြေဘူးလား "

သိသိကြီးနဲ့ မေးတာ ...
ငတိ အဆော်ခံရတာ ကျုပ်ကိုယ်တိုင် မြင်ထားတာ ပဲလေ ...

" ဘယ်ပြေရမလဲ မောင်ရာ
တံမြက်စည်းနဲ့ ရိုက်တာ ဆိုတာ ...
ပက်လက်တောင် မလှန်နိုင်ဘူး
အရှိုးရာတွေကို ထပ်လို့ "

" ကိန် ... "

" ဒါပေမယ့်ကွာ ...
ငါမူးနေလို့ ခံလိုက်ရတာပါ
တခြားနည်းလမ်း ပြောကွာ "

" မြွေ မွေးမလား "

" ဟမ့် ... "

ပြောကာရှိသေး
ငတိက အနောက်ကို နှစ်တောင်လောက် ခုန်ဆုတ် သွားတယ် ...

" မိန်းမတွေက မြွေကြောက်တယ်လေ ...
ခင်ဗျား မွေးထားလိုက်ရင်
ကိုင်း ... အဲဒီမိန်းမကို တသက်လုံး နိုင်ပြီ "

" အဲ ... ဟုတ်သဟ ...
ဒါနဲ့ မြွေက ငါ့ကိုက်ရင်ရော ... "

" အလှမွေးတဲ့ မြွေတွေ ရှိပါတယ်ဗျာ
မကိုက်ဘူးလေ ... "

" အေး ... ချကွာ "

ငတိမှာ ... မိန်းမ နိုင်ချင်ဇောနဲ့
ခိုးထားတဲ့ ပိုက်ဆံထဲက ငါးသောင်းကျော်နဲ့
မြွေတကောင် ဝယ်သွားပါလေရော ...

ဒီတစ်ခါတော့ ကျုပ်မလိုက်တော့ဘူးလေ ...
အဆင်ပြေမှာ သေချာပြီကိုး

ညနေလောက် ကျတော့ ငိုကြီးချက်မနဲ့
ပြန်ရောက်ချလာတယ် ...

" အီး ... ဟီး ဟီး ... အီး "

" မရယ်ပါနဲ့ဗျာ ... "

" ဟ ... ငိုနေတာဟ ငိုနေတာ ခွီးထဲ "

" ဘာဖြစ်ပြန်ပြီလဲဗျာ ... "

" ဘာဖြစ်ရမလဲ
မင်းပေးတဲ့ ငါးသောင်းတန်မြွေလေ ...
ဟိုငတိမ ကြောက်မလားလို့ သူ့ရှေ့ ထုတ်ပြလိုက်တာ ..
အား ... ဟား ... ကုန်ပါပြီ "

" ဟမ့် ဘာဖြစ်တာတုန်း "

" ငါထုတ်ပြတဲ့ မြွေကို ဟင်းစားရပြီ ဆိုပြီး ...
ချက်စားလိုက်လေရဲ့ကွာ
အား ... ဟီး ... ငီး "

" ခွစ် ... ဂစ် "

ကျုပ်မှာ ရယ်ရမလို ငိုရမလိုနဲ့ ... အကြံပေးရမှကို လန့်သလိုလို ဖြစ်လာတယ်လေ ...

ဘယ့်နှယ်ဗျာ မြွေကို မကြောက်တဲ့ အပြင် ချက်စားသတဲ့

" ဒီလိုလုပ်ဗျာ ... "

" ငွဲ ... ဘိုလိုလုပ်ရမလဲ "

" ခင်ဗျားမိန်းမ ဘာကြောက်လဲ "

" ငါ ဘုန်းကြီး ဝတ်သွားမှာကို ... "

" ဖီး ... ဘာလို့တုန်း "

" ပြန်မထွက်မှာ စိုးသတဲ့ ကွာ ... "

" ဒါ အခွင့်အရေးပဲဗျ ...
တလလောက် ဝတ်ပြလိုက်ဗျာ ...
ပြီးရင် မထွက်တော့ဘူး လို့ ခြောက် ...
ဒါဆို ကိုယ်လိုသလို ပုံသွင်းလို့ ပြီပေါ့ဗျ ာ... "

" ဟ ... ဟုတ်သဟ လုပ်ကြတာပေါ့ကွာ "

ကိုသောင်းအေးကြီးကို အကြံပေးပြီး ...
နောက်တရက်မှာပဲ
ကျုပ်လဲ ရန်ကုန်မြို့တက် အလုပ် လုပ်ရတော့တာပဲ ...

ငါးနှစ်ပြည့်လို့ ကျုပ်ရွာထဲ ပြန်ရောက်တော့ ...

ရွာဦးကျောင်းရှေ့မှာ
ဦးဇင်းသောင်းအေး ခမျာ သင်္ကန်းဝတ်ကြီးနဲ့
တံမြက်စည်း လှဲနေလေရဲ့ ...။

" ဟာ ... ဦးဇင်း သင်္ကန်း ထပ်ဝတ်တာလား "

" ခွီး ... ဂျင်းကောင်
ထွက်ကို မထွက်ရသေးတာ ကွ "

" ဗျ ာ... ဘယ့်နှကြောင့်တုန်း "

" ဦးဇင်းဝတ်တာ တစ်လပြည့်တော့
ဟိုဒကာမက ထွက်ဖို့ လာလျှောက်တယ် လေ ...

မင့်အကြံနဲ့ ငါငြင်းလွှတ်တော့
ငတိမက နောက်တရက် လင် ထပ်ယူပါလေရော

ငါ့ကို ဘယ်လို ပြောတယ် မှတ်လဲ "

" ဘယ်လိုပြောလဲ ဦးဇင်း "

" လောကကို စိတ်ကုန်လို့ တရားရှာမှတော့
ပြန်မထွက်ပါနဲ့တော့ တဲ့

ရှိသမျှ ငါ့ပစ္စည်းတွေလဲ သူပဲ ယူလိုက်ပြီ တဲ့လေ "

" ဘုရား ... "

" ငါ့မှာ မဝတ်ချင်လို့ လူထွက်တော့
နင့်မေဂျီးတော်အိမ် သွားနေရမှာလား
ငြိမ်းမောင်ရဲ့ ... "

ဦးဇင်းသောင်းအေး တံမြက်စည်းနှင့် လိုက်ရိုက်၍ ...
ကျွန်ုပ်မှာ အိမ်သို့ တချိုးတည်း ပြေးခဲ့ရလေတော့သည် ...။

ကတောက်စ်!

😁😁😁
nnnt ငြိမ်းမောင်

Comments