ချစ်သူလေးက သီလရှင်လူထွက်


" ဆရာလေးက "
" ဆရာလေးက " နဲ့

ဘယ်သူ့ အကြောင်း ပြောနေတာလဲဟင် ! ဆိုတော့
သူကိုယ်သူ ပြောတာလေ တဲ့
သေပစ်လိုက်ချင်တာ နေချင်းပြန်

" မဟုတ်ဘူးလေ . . . ခုက လူထွက် ပြီးပြီလေ " ဆိုတော့မှ

" ဟာ မေ့နေတာ အကျင့်ပါနေလို့ ပါ ဒကာကြီးရဲ့ " တဲ့

ကိုယ့်ကိုယ့်ကိုယ် ရွှေမှုန်ရတီတို့ အိမ်ရှေ့မှာ

ခေါစာ သွားပစ်ထား လိုက်ချင်တယ် ။

" ချစ်လားလို့ " မေးတာ

" အင်း " တဲ့

အထွန့် ဆက်မတက် ရဲဘူး

တော်တော်ကြာ … ရင်ဘတ်ပေါ် ဂေါ်ပြားလေး ကပ်ပေးပြီး
ကိုယ့်ဘာသာကိုယ် ငရဲကို တူးပြီး သွားနော် ဆို
ကိုယ့်အတက် ကိုယ်ဆူးမှာ ။

ရုတ်တရက် သူတိုးတိုးလေး သံစဉ် ညည်းမှ
ငါ့ချစ်သူ လူ့လောက စိတ်မကုန်သေး ဘူးဟ လို့ သက်ပြင်းလေး ချပြီး

" ဘာဆိုနေတာလဲ ဟင် ! " ဆိုတော့

" ဘုရားပင့် ရွတ်နေတာ " တဲ့

ယောကျ်ား တံခွန် လူရည်ချွန်မို့
လမ်းဟောင်းက မရတော့ လမ်းကွေ့က လမ်းဖောက်သင့်တယ် လို့ တွေးမိပြီး
ဗီဒီယိုကောလေး အလွမ်းပြေ ခေါ်ရင်တော့
သူချစ်ကောင်းပါရဲ့ ဆိုမှ . . .

" ဘုရားရှိခိုး မလို့ ကြည့်နေနော် " တဲ့

( သေချင်တာ သေချင်တာ
မိုးဟေကိုနဲ့ နှစ်ညအိပ် သုံးရက် လောက် ဂေါ်ရီကျွန်းမှာ သေချင်တာ ။ )

နှုတ်ခမ်းလေး လက်ညှိုး ထိုးပြတော့
ကျောင်းထိုင်က ၅ ပါးသီလ ယူသွား ဆိုပြီး ပေးလိုက် သတဲ့
ငါးပါးသီလ ကလည်း ခေါက်ဆွဲပြုတ်လို
မနက်ဖြန်မှ ပြုတ်ပါလားလို့ ပြောလို့ မရဘူး

( ပြောရင်းနဲ့ ကျောက ပူပူ လာသလိုလို :-3 )

ကိုယ်ကလည်း
လှေခွက်ချည်း ကျန် အလှံ မလဲဘူး ဆိုတဲ့ စိတ်နဲ့
ဘုရင့်နောင် ဖောင်ဖျက် သွေးလေ

ငါးပါးသီလမှာ ကာမေသုက . . .
သူတပါးကို ကျူးလွန်မှလေ ဆိုတော့
" မဟုတ်ဘူး ... အဗြဟ္မစရိယ ဝေရမဏိ သီလ ပေးလိုက်တာ " တဲ့

တင်းထားသမျှ ကြိုး
တိကနဲ နေအောင် ပြတ်ကျ
လိုက်ဖက်အောင် ကတုံးပဲ သွားရိတ်ရ မလို
အလိုက်သင့်အောင် ပိဋကတ်သုံးပုံပဲ သွားဖတ်ရ မလို ။

သည်ကြားထဲ ဓာတ်ပုံတွေ ရိုက်ထားတာ ပို့ပေးပြီး
ဘယ်လိုနေလဲ တဲ့ :-3
လှတယ်လို့ ပြောရင်လည်း မဖြစ်
ကြည်ညိုတယ်လို့ သုံးလို့လည်း မရ ဆိုတော့

" တင့်တယ်ပါတယ် " လို့ ပြောတော့

" မရွဲ့ပါနဲ့ " တဲ့

" တိန် " . . . ရူးချင်တယ် ( ရွှေအပြည့် ငွေအပြည့်နဲ့ )

မယုံမရှိပါနဲ့ဗျာ
ချစ်သူကောင်မလေး သီလရှင် ထွက်ရင်
ကျနော်တို့ အဖြစ်က . . .  အဲ့ဒီလို။      ။

😁😁😁
ကိုလင်း

Comments