အရူးတွေကြားထဲမှာ အရူး မဖြစ်စေဖို့


ရှေးအခါက တိုင်းပြည်တပြည်မှာ မိုးခေါင်ရေရှား ဖြစ်ကာ ရေအလွန်ရှားပါး သော အချိန်ဖြစ်လေ၏ ။ ထိုအခါ ပညာရှိသုခမိန်အမတ်ကြီးမှ ....

" မှန်လှပါ အရှင်မင်းကြီးဘုရား .... တိုင်းပြည်မှာ မိုးခေါင်ရေရှား ဖြစ်နေပါသည် ... သို့ပါသော်လည်း မနက်ဖြန် နေမွန်းတည့်ချိန်မှ စ၍ မိုးကြီးလေကြီး ရွာသွန်းပါလိမ့်မယ် ဘုရား .... "

" အင်း ကြားရတာ ဝမ်းသာအားရ ရှိတော်မူ လိုက်တာကွယ် .... "

" ဒါပေမယ့်လည်း ... ထိုမိုးရေဟာ အချိန်အခါ မဟုတ်ရွာသွန်းသော မိုးရေဖြစ်ပါသဖြင့် သောက်သုံးသော သူတို့ အဆိပ်သင့်နိုင် ကြောင်းပါ ဘုရား .... "

" ဟေ ... ဒါဆို ဘယ်လို လုပ်ကြမတုန်း အမတ်ကြီးရဲ့ "

" မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့ မသောက်သုံးစေရန် အမိန့် ထုတ်ပြန်သင့်ကြောင်းပါ ဘုရား ... "

" ကောင်းပြီ အခုချိန်မှ စ၍ ငါကိုယ်တော်မြတ် အမိန့်တော် မှတ်မယ် ။ မနက်ဖြန် ရွာမည့် မိုးရေအား အဆိပ်သင့်နိုင်သည့် အတွက် မည်သူ တဦးတယောက်မျှ မသောက်သုံးစေရန် တတိုင်းပြည်လုံးအား ကြေငြာမောင်းခတ်စေ .... "

" မှန်လှပါ အမိန့်တော်မြတ် အတိုင်းပါ ဘုရား ... "

အမတ်ကြီးဦးဆောင်၍ တတိုင်းပြည်လုံးအား ကြေငြာ မောင်းခတ်လေတော့သည် ။

သို့သော်လည်း တကယ်တမ်း မိုးရွာသွန်းသော် အခါ၌မူ ........

" ဟာ ... မိုးရွာပြီဟ ... လာကြ လာကြ .... သောက်ဖို့ ၊ သုံးဖို့အတွက် ရေခံထားမှ ဖြစ်မယ် " ဆိုပြီး တတိုင်းပြည်လုံး ထိုမိုးရေအား သောက်သုံးမိသော အခါ အဆိပ်သင့်၍ အကုန် ရူးကုန်တော့သည် ။

ထိုမိုးခါးရေအား မသောက်တာ ဆိုလို့ ဘုရင်နှင့် အမတ်ကြီးသာ ဖြစ်လေသည် ။

" အမတ်ကြီး .. ဘယ်လို ဖြစ်ကုန်ကြတာလဲ ... "

" မှန်လှပါ မိုးခါးရေအား သောက်သုံးမိ၍ တတိုင်းပြည်လုံး ရူးကုန်ကြတာပါ ဘုရား .. "

အရူးတွေ ကြားမှာ ဘုရင်နှင့် အမတ်ကြီးအား တတိုင်းပြည်လုံးက အရူး အရူး ဟုသာ ခေါ်ကုန်ကြလေတော့သည် ။

" ကဲ အမတ်ကြီး ဘယ်လို လုပ်ကြမလဲ ...
အခု အကုန်ရူးပြီး တို့နှစ်ယောက်သာ ကျန်တော့တယ် ၊ အရူးတွေက တို့ကိုပြန်ပြီး အရူးလို့ ခေါ်ကုန်ကြပြီ ။

ဒီအတိုင်း နေလို့တော့ မဖြစ်တော့ဘူး ။ အရူးတွေကြားမှာ တို့နှစ်ယောက်ထဲ ကောင်းနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ဘူး ၊ ဒီတော့တို့လည်း အများနည်းတူ မိုးခါးရေသောက်ပြီး ရူးလိုက်ကြရအောင် ဒါမှ တို့အတူနေလို့ အဆင်ပြေမှာ ... "

ထိုအခါ အမတ်ကြီးမှ ... " မှန်လှပါ၊ စဉ်းစားတော် မူပါဦး ဘုရား ..
ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့ အခုချိန်မှာ အဆင်မပြေတာကို သည်းခံသင့်ပါတယ် ဘုရား ၊

အခုလက်ရှိ ရူးသွပ်နေကြသူတွေကို ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့ မတတ်စွမ်းပေမယ့် နောက်ထပ်မွေးဖွား လာမယ့် မျိုးဆက်သစ်လေးတွေကို သူတို့လို မရူးသွပ်ရ လေအောင် ထိန်းသိမ်းလို့ ရပါတယ်ဘုရား ၊

မျိုးဆက်သစ်တွေ များလာပြီး အရူးတွေ တဖြည်းဖြည်း ကုန်လာရင် အရူးမျိုးဆက်လည်း ရှိလာမှာ မဟုတ်တော့ပါဘူး ဘုရား ... ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီး ပြောသလို ကျွန်တော်မျိုးတို့ပါ မိုးခါးရေသောက်လိုက်မယ်ဆိုရင် အကုန်ရူးပြီး အရူးမျိုးဆက်သာ ကျန်ရစ်နေတော့မှာပါ ဘုရား .... "

" အင်း မှန်ပေသားပဲ အမတ်ကြီး ... ယနေ့မှစ၍ လက်ရှိ ရူးနေကြသူများအား ရှိစေတော့ .... နောက်မျိုးဆက်သစ်လေးတွေ အရူးမျိုး မဖြစ်ရလေအောင် ထိန်းသိမ်းကြပါစို့ အမတ်ကြီးရေ ...... "

ဒီပုံပြင်ကို ကြားဖူးကြမှာပါ ၊ ဒါကြောင့်လဲ မကောင်းတဲ့ သူတွေ ကြားမှာ ငါတယောက်တည်း ကောင်းနေလို့ဘာထူးမှာလဲ ဆိုပြီး မတွေးလိုက်ပါနဲ့ .... လက်ရှိ မိုက်နေတဲ့ သူတွေကို သင်ပြုပြင်ဖို့ မလွယ်ကူပေမယ့် နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေ အတွက် လူကောင်းသူကောင်းလေးတွေ ဖြစ်အောင် သင်လမ်းပြနိုင်ပါလိမ့်မယ် ။

ဒါကြောင့်လည်း ..... ရှေးပညာရှိများက အများ မိုးခါးရေ သောက်တိုင်း ကိုယ်ပါ လိုက်မသောက်နဲ့လို့ ... ဆိုဆုံးမခဲ့ကြတာပေါ့ ....

ခရစ်ဒက်စ်

Comments