အဖေကြီးပြောတဲ့ တကယ့်ပုံပြင်


ကျွန်တော် ငယ်စဉ်က အဖေကြီးပြောလေ့ ရှိတဲ့ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ သို့သော် ပုံပြင် မဟုတ်။ အဖေကြီးက ကျောင်းဆရာဖြစ်၍ သူ့ကျောင်းသား ကုလားလေး တစ်ယောက်ရဲ့ တကယ့် အဖြစ်အပြတ် တစ်ခု။

ထိုကုလားလေးရဲ့ အဖေက ကုန်စုံဆိုင်ကြီး တစ်ခုကို ပိုင်တဲ့ ချမ်းသာတဲ့သူ ဖြစ်တယ်။ သို့သော် ကလေးနှစ်ယောက် ကျောင်းသွားရင် တစ်ယောက်ကို တစ်ပဲစီသာ ပေးသည်။ သို့သော် မုန့်ဝယ်စားရ သည် မဟုတ်။

နေ့လယ်မုန့်စား ဆင်းချိန်မှာ စားဖို့ ပလာတာနဲ့ ပဲဟင်း ထည့်ပေး လိုက်တယ်။ ညနေ အိမ်ပြန်ရောက်တော့ ပိုက်ဆံတစ်ပဲ မပျောက်မရှ ပါလာကြောင်း အဖေ့ကို ပြရတယ်။ ပြီးမှ သူတို့ တစ်ယောက်စီအတွက် ပေးထားတဲ့ စုဘူးထဲမှာ ထည့်ရတယ် ။

ပိုက်ဆံတစ်ပဲကို မနက်ကျောင်းမသွားခင် ကတည်းက စုဘူးထဲ ထည့်ခဲ့ချင်၍ မရ၊ ကျောင်းယူသွားရတယ်။ ညနေပြန်လာရင် ပြရတယ်။

ငွေတစ်ပဲကို တစ်နေ့တာလုံး မပျောက် မပျက်အောင် တာဝန်ယူ ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်တယ်။

ပျောက်ရှခဲ့ရင် ပြင်းထန်စွာ အရိုက် ခံရတယ်။ ငွေကို မနှမြောခြင်း၊ ငွေမပျောက်အောင် မထိန်းသိမ်းနိုင်ခြင်းအတွက် အပြစ်ပေးခြင်း ခံရတယ်။ ကလေးတွေက အဲ့ဒီ ငွေတစ်ပဲ ပျောက်မှာ အလွန်ကြောက်ကြတယ်။ တစ်နေ့လုံး ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်တယ်။ ဒါကြောင့် ငွေကို တန်ဖိုးထားတတ်လာပြီး ထိန်သိမ်းတတ်တဲ့ အလေ့အကျင့် ရသွားတယ်။

အဲဒီလိုနဲ့ ကလေးကျောင်းနေချိန်မှ စ၍ နေ့စဉ်တစ်ပဲ၊ တစ်ပဲ စုဆောင်းရတယ်။ စုဘူးတစ်ဘူးပြည့်ရင် ကလေး အမည် ထိုးပြီး ဖခင်က သိမ်းပေးထားတယ်။ အဲ့ဒိ ကလေး ကျောင်းထွက်ပြီး အရွယ်ရောက်လာတဲ့အခါ စုဘူး တော်တော်များများ ရနေပြီ။

အဲ့ဒီအခါကျမှ စုဘူးတွေကို ဖောက်ပြီး ရတဲ့ငွေနဲ့ ကွမ်းယာဆိုင်လေး တစ်ခု အရင်းအနှီးပြုပေးတယ်။ ရတဲ့ အမြတ်ငွေကို ဆက်စုရင်း ကွမ်းယာဆိုင်မှ ပစ္စည်းမျိုးစုံဆိုင် ဖြစ်လာတယ်။ ထိုမှ တဆင့် စတိုးဆိုင်ကြီးအဖြစ်သို့ ရောက်အောင် လေ့ကျင့်ပေးတယ်။ အတုယူစရာ နမူနာကောင်းဖြစ်ပါတယ်။

အဲ့ဒီလို စည်းကမ်းစနစ် ကျမူကြောင့် လမ်းဘေး ကွမ်းရာဆိုင်ကလေးမှ တဆင့် စိန်ဘာဘူတိုက်ကြီးများအထိ ကြီးပွားတိုးတက် အောင်မြင်လာခဲ့ ကြတယ်။

ပေါပေါရ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေလျင် ပေါ့ပေါ့သာဖြစ်နေပေမည်။ လူအများစုသည် အတင့်တင့် ဝင်ငွေကောင်းရင် ဝါကြွားချင်လာတယ်။ လက်ဖွာချင် လာတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လာသမျှလူကို ဒကာခံရင်း မင်္ဂလာ ယူချင်ကြတယ်။ ကလေးမုန့်ဖိုးကိုလည်း သူများတစ်ရာပေးရင် ငါးရာ တစ်ထောင် ပေးပစ်တယ်။ ကလေး သုံးတတ် စားတတ်ပုံကို ဂုဏ်ယူတဲ့ လေသံနဲ့ ကြွားဝါချင် တတ်တယ်။

ကလေးကို ငယ်ငယ်ကတည်းက ငွေပေါ့ပေ့ါရ ပေါ့ပေါ့သုံးတတ်အောင် လေ့ကျင့်ပေးကြတယ်။ ဒါကြောင့် ကလေးတို့ မပျက်စီးသင့်ဘဲ ပျက်စီးရတယ်။ တစ်သက်တာလုံး ပေါ့ပေါ့စား ပေါ့ပေါ့နေတတ်တဲ့ အကျင့်ပါပြီး ပေါ့ပေါ့သာ ဖြစ်ကုန်ကြရ ပါတယ်။

ဒါ့ကြောင့် ဒီလိုမဖြစ်အောင် မိဘများ ကလေးငယ်စဉ်ကတည်းကငွေကို ထိန်းသိမ်းပြီး တန်ဘိုးထားတတ်၊ ချွေတာစုဆောင်းတတ်တဲ့ အလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးသင့်ပါတယ်။

(လယ်တွင်းသားစောချစ်)

ဦးသောင်းဌေး (ရန်ကုန်တက္ကသိုလ်)

Comments