ဆေးထောက်ခံစာ

by - October 29, 2019


လူငယ်တဦး ဆေးထောက်ခံစာ လုပ်ဖို့ ရုံးသို့လာပြီး ဆရာဝန်ဆီ ဝင်၏ ။

လူငယ် ။  ။ " ကျွန်တော် ဆေးထောက်ခံစာ လုပ်ချင်လို့ပါ ခင်ဗျာ "

ဆရာဝန် ။  ။ " ကောင်းပြီ မင်း ဟိုရှေ့က အကျီ ၤၤအဖြူ လုံချည် အပြာနဲ့ ဆွဲကြိုးကြီး အပြင် ထုတ်ဆွဲထားတဲ့ စာရေးမကြီးကို တွေ့လား "

လူငယ် ။   ။ " ဟုတ်ကဲ့ ဆရာ "

ဆရာဝန် ။  ။ " အေး အဲဒီကို သွား ... ဖောင်ပုံစံမှာ သူပြောတာလေး တွေဖြည့် ။ ပြီးရင် အဲဒီက ထိုင်ခုံယူလာပြီး ဒီမှာပြန်ထိုင် "

လူငယ်က ဆရာဝန်ညွှန်ပြရာသို့ သွားသည် ။ စာရေးမကြီး မေးသမျ ဖြေသည် ။ ပြီးတော့ စာရွက်တွင် လက်ဗွေနှိပ်ပြီး ထိုင်ခုံကလေး ဆွဲကာ ဆရာဝန် စားပွဲရှေ့ ပြန်လာ ထိုင်၏ ။

ဆရာဝန်က စာရွက်ပေါ်တွင် လက်မှတ် ထိုးပေးပြီး

" ok ယူသွားတော့ ညီလေး ။ ဘယ်သူ့ကိုမှ ဘာမှ ပေးစရာ မလိုဘူးနော် ။ မင်းလျှောက်တဲ့ အလုပ်လည်း အဆင်ပြေပါစေ " ဆိုတော့

လူငယ်က " ဟင် ဆရာ ကျွန်တော့်ကို ဘာမှ မစမ်းသပ်ရ သေးဘူးလေ " တဲ့ ။

ဒီတော့ ဆရာဝန်က

" ဘာလိုသေးလို့လဲ ကွာ

မင်း ငါပြတဲ့ စာရေးမကြီးကို မြင်တယ် ။ ဒါ့ကြောင့် အမြင်အာရုံ မချွတ်ယွင်းဘူး ။

အကျီ ၤအဖြူနဲ့ လုံချည် အပြာကို သိတယ် ဆိုတော့ မင်းမျက်လုံးတွေက အရောင်လဲ ခွဲခြားတတ်တယ် ။

ဆွဲကြိုး အပြင် ထုတ်ဆွဲထားတာကို တွေ့တဲ့ အတွက်လည်း မင်းက ပတ်ဝန်းကျင် လေ့လာမှု အားကောင်းတယ် ။

ငါပြောသမျကို မင်းကြားတဲ့ အတွက် မင်းရဲ့ နား လည်း ကောင်းတယ် ။

မင်းနာမည်တွေ မိဘတွေ အသက်တွေကို မှတ်မိတဲ့ အတွက် သတိလည်း မချွတ်ယွင်းဘူး ။

ဟိုရှေ့က ထိုင်ခုံကို ဒီကို သယ်လာနိုင် ကထဲက မင်းဟာ ကျန်းမာရေး ကောင်းလို့ပဲလေ ။ မဟုတ်ဖူးလား။ အရေးအကြီးဆုံး ကတော့ ငါခိုင်းသမျတွေကို တသွေမတိမ်း လုပ်နိုင် ကတဲက မင်းက အမိန့်နာခံ တတ်နေပြီပဲ ။ ဒါ့ကြောင့် ဝန်ထမ်း လုပ်လို့ ရနေပါပြီလေ ။

ကိုင်း ! ဘာစစ်ဆေးပေးစရာ လိုသေးလို့လဲ "

" တိန် ''

😁😁😁
Thakhin Hanlinn

You May Also Like

0 comments