ကျနော် သစ္စာရှိခဲ့ပါတယ်


" မောင်.. ကျေးဇူးပြုပြီး မီးအပေါ် သစ္စာ ရှိပေးပါနော်... "

အဲဒီ စကားကို သူ့ဆီကနေ ကြားလိုက်ရတော့ ကျွန်တော် သူ့မျက်နှာကို တအံ့တသြနဲ့ ကြည့်ခဲ့မိတယ်။ တကယ်ဆို သူနဲ့ကျွန်တော်က အဲဒီစကား ပြောရမယ့်သူတွေ မဟုတ်သလို၊ ကျွန်တော်သူ့ကို ဘယ်လောက်ထိ ချစ်လဲ ဆိုတာလဲ သူကောင်းကောင်း သိပြီးသား။ သူဟာ ကျွန်တော့်ရဲ့ဘ၀ ၊ ပြီးတော့ ကျွန်တော့်ရဲ့ အနာဂတ်။ သူ့မျက်နှာကို ကြည့်လိုက်တော့လဲ တကယ့်ကို အလေးအနက်ပြောတဲ့ပုံ။

" သဲတုံးလေး.. ဘာဖြစ်လို့တုန်း.. မောင့်အပေါ် တစ်ခုခု စိတ်ကွက်နေတာလား.. "

ကျွန်တော် သူ့ကိုမေးလိုက်တော့ သူခေါင်းခါတယ်။ ပြီးတော့ မျက်ရည်လေးတွေ ဝဲလာတယ်။ သူ့ကိုပွေ့ဖက်ပြီး ချော့မော့မေးကြည့်တော့မှ ပြဿနာက Facebook ။ ချာတိတ်မလေး တစ်ယောက် ကလေးချီထားတဲ့ ပုံအောက်မှာ အသဲသွားပေး လို့တဲ့။ ကျွန်တော် ရယ်လိုက်ရတာ။

" ဟဟ.. ကောင်မလေးကို အသဲပေးတာ မဟုတ်ပါဘူး သဲတုံးလေးရယ်.. ကလေးလေးက ချစ်စရာကောင်းလို့ ပေးမိတာပါ။ မောင်ပြန်ဖျက် လိုက်မယ်နော်.. "

ကျွန်တော်ချက်ချင်း အင်တာနက်ကိုဖွင့်၊ သူ့ရှေ့မှာပဲ အသဲနေရာမှာ Like ပြောင်းပေးလိုက်တော့ သူပြုံးတယ်။ မောင့်ကို ယုံပါတယ် လို့ပြောတော့ အရူးမလေးဆိုပြီး နဖူးကို ထုပေးလိုက်တယ်။ လမ်းခွဲပြီး အိမ်ပြန်ရောက် တဲ့အထိ အဲဒီအကြောင်းကို တွေးပြီး ကျွန်တော့်မျက်နှာက ပြုံးစိစိ ဖြစ်နေတုန်းပဲ။

ကောင်မလေး တစ်ယောက် ပုံအောက်မှာ အသဲသွားပေးလို့ ဆိုပြီး ငိုတဲ့ အရူးမလေးတစ်ယောက် ကျွန်တော့်မှာ ရှိတယ် ဆိုပြီး စတေးတပ် တစ်ခုတောင် တင်လိုက်မိသေး။ အကြောင်းသိတဲ့ သူငယ်ချင်းတွေက သူ့ကို မန်းရှင်းခေါ်ကြ၊ စကြပေါ့။

ဒီကိစ္စဟာ ကျွန်တော်နဲ့သူ့အတွက် ကြီးကျယ်တဲ့ ပြဿနာမှ မဖြစ်ခဲ့ပေမယ့် ကျွန်တော် အသဲသွားပေးခဲ့တဲ့ ချာတိတ်လေး၊ ဟန်နီ လို့ခေါ်တဲ့ ကောင်မလေးကတော့ အဲလို မဖြစ်ခဲ့ဘူး။ ကိုယ့်လူကိုယ် နိုင်အောင် ထိန်းပေါ့ အစ်မရယ် ဆိုတဲ့ စတေးတပ်လေး တစ်ခုကို တင်ပြီး ကျွန်တော့်ကို စကားလာပြောတယ်..။

" အစ်ကိုတို့ သမီးကြောင့် ရန်ဖြစ်ကြတာ သမီး စိတ်မကောင်းပါဘူး " တဲ့။ " ကျွန်တော်က ရပါတယ် " လို့ ပြန်ပြောလိုက် တယ်။ ပြီးတော့ ကျွန်တော်က အဲဒီ ကလေးလေးကို ချစ်လို့ အသဲပေးမိတဲ့ အကြောင်း၊ သူက အဲဒီ ကလေးလေးဟာ ဘယ်သူဖြစ်တဲ့ အကြောင်းတွေ ပြောရင်း သူနဲ့ကျွန်တော် ရင်းနှီးသွားကြတယ်။

နောက်ပိုင်းရက်တွေမှာ တော့ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး အကြောင်းတွေ ပြောကြသလို၊ သူကလဲ သူ့အသဲကွဲဇာတ်လမ်း တွေကို ပြော..။ တစ်ခါတစ်လေမှာ သူတင်တဲ့ပို့စ်၊ ကျွန်တော်တင်တဲ့ ပို့စ်တွေမှာ အပြန်အလှန် မန့်တွေရေးကြ ပေါ့။

" မောင်.. ဟန်နီဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားတာလား..။"

တစ်နေ့မှာ သူမေးလာမယ် ဆိုတာ သိပြီးသားမို့ ဒီကိစ္စကို ကျွန်တော် မအံ့သြသလို ကိုယ့်ရဲ့ ရိုးသားမှုကို ကိုယ်တိုင် သိနေလို့ အင်းဆိုပြီး ကျွန်တော်ဖြေလိုက်တယ်။ ပြီးတော့ ဟန်နီက ဘာအလုပ်လုပ်ကြောင်း၊ ကျွန်တော်တို့ နှစ်ယောက်အကြောင်းကိုလဲ ပြောပြဖြစ်တဲ့ အကြောင်းတွေကို ကျွန်တော်ပြောပြတယ်။ အရူးမလေး၊ ကြံဖန်သဝန်တို မနေနဲ့ဆိုပြီး သူ့ခေါင်းကိုတောင် ဖွဖွပုတ်တော့ အရင်လို ငြိမ်မခံဘဲ သူခေါင်းကို လွှဲတယ်။

" မောင်.. သူနဲ့ မပတ်သက်လို့ မရဘူးလား.. "

" ဘာ"

မိန်းကလေးတိုင်းဟာ သဝန်တိုတတ်တယ် ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူ သဝန်တိုရမယ့်လူ တစ်ယောက် မဟုတ်ဘူး။ ဘာလို့ မပတ်သက်ရမှာလဲလို့ သူ့ကိုမေးတော့လဲ ပြန်မဖြေနိုင်ဘူး။ စကားလဲ ကောင်းကောင်းပြောလို့ မရတော့ ကျွန်တော်တို့ တွေ့ဆုံမှုက ခြောက်ကပ်ကပ်နဲ့ပဲ ပြီးဆုံးခဲ့တယ်။

ကျွန်တော် သူ့ကို အရမ်းချစ်တယ်။ မကြာခင်မှာလဲ လက်ထပ်တော့မှာမို့ သူ့ကို စိတ်ချမ်းသာစေချင်တယ်။ ဒါပေမယ့် ကျွန်တော့်ကို ဘယ်သူနဲ့ခင်ရမယ်၊ ဘယ်သူနဲ့ မခင်ရဘူးလို့ သတ်မှတ်တာက ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာကို ဝင်စွက်ဖက်တာ ဖြစ်သွားပြီ။ ပိုဆိုးတာက နောက်ပိုင်း ဖုန်းဆက်တဲ့အချိန်၊ တွေ့တဲ့အချိန်တိုင်းမှာ သူနဲ့ပြောရတဲ့ ခေါင်းစဉ်တွေက ဟန်နီ့အကြောင်းပဲ ဖြစ်နေတာ။

ဒီအကြောင်းအရာကိုပဲ အက်ကြောင်း ထပ်အောင် ပြောနေရတော့ ကျွန်တော် စိတ်ရှုပ်လာတယ်။ ဖုန်းဆက်ရင်လဲ ဒီအကြောင်းကိုပဲ ထပ်ပြောရမှာမို့ သူ့ဆီကို ကျွန်တော် ဖုန်းမဆက် သလို သူကလဲ ကျွန်တော့်ကို ဖုန်းမဆက်ဘူး။ တစ်ပတ်တိတိ တော့ ပစ်ထားလိုက်မယ်၊ ပြီးမှ ပန်းစည်းလေး ဝယ်ပြီး သူ့ကို သွားချော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဟန်နီ့ကို အဲဒီအကြောင်း ပြောပြတော့ ဟန်နီက ရယ်တယ်။ ပြီးတော့ ဖုန်းနံပါတ်တောင်းလို့ နံပါတ်ပေးပြီး နောက်ပိုင်းမှာ ဖုန်းနဲ့ပဲ စကားတွေ ပြောကြတယ်။ ကျွန်တော့် အကြောင်းပြောရင် ဟန်နီက ငြိမ်ပြီး နားထောင်တယ်၊ ကျွန်တော့်ကောင်မလေး အကြောင်းပြောရင် ဟန်နီက သဘောကျတယ်။ အစ်ကိုက အစ်မကို သိပ်ချစ်တာပဲတဲ့၊ အစ်ကို့လို ချစ်သူ တစ်ယောက်လောက် ရှိရင် သေပျော်ပြီ ဆိုပဲ။

တစ်ခါတစ်လေမှာ မောင် ဆိုတဲ့ မက်ဆေ့ချ်လေး ရောက်နေမလား ဆိုပြီး ဖုန်းကို ဖွင့်ကြည့်တယ်။ ၃ ရက်လောက်ကြာတဲ့အထိ ဘာဖုန်း၊ ဘာမက်ဆေ့ချ်မှ မလာဘူး။ သူတော်တော် နေနိုင်တာပဲ။ ကျွန်တော် သူ့ကို လွမ်းကြောင်း ဟန်နီ့ကို ပြောပြတယ်။ ကြည်နူးစရာ အချိန်တွေကို ပြောပြတယ်။ ဟန်နီကတော့ ရယ်နေတာပါပဲ။ အစ်ကိုနဲ့ အပြင်မှာ ဆုံရအောင် ဆိုတော့ ကိုယ်လဲ စိတ်ပြေလက်ပျောက် ဆိုင်ထိုင်ချင်တာနဲ့ အတော်ဖြစ်သွားတာပေါ့။

အပြင်မှာ တွေ့တော့မှ ဟန်နီက တော်တော်ချောတဲ့ မိန်းကလေးမှန်း ကျွန်တော် သိရတယ်။ စကားပြော သွက်သွက်နဲ့ အမြဲပြုံးရယ်နေတဲ့ မိန်းကလေးတစ်ယောက်။ ကိုယ်က ဘီယာသောက်တော့ သူက Spy ဝိုင် သောက်တယ်။

သူသောက်၊ကိုယ်သောက် သူက သူ့အတိတ်က အသဲကွဲ ဇာတ်လမ်းတွေပြော၊ ကျွန်တော်က သူ့ကိုစနောက်။ ပြီးတော့ ကျွန်တော်က ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး အကြောင်းတွေပြော။ သူက ရယ်။ ရီဝေေ၀ ဖြစ်လာတော့ နှစ်ယောက်သား အတိုက်အဖောက် ညီညီ ပြောလိုက်တယ်။ သီချင်းသွားဆိုကြမယ်။

အချိန်က ည ၉ နာရီ၊ သူလဲဆက်သောက်၊ ကျွန်တော်ကလဲ ဆက်သောက် သီချင်းတွေနဲ့အတူ စိတ်ညစ် စရာတွေလဲ အကုန်ပျောက်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ အပျော်က ဖုန်းသံတစ်ခု အလာမှာ ရပ်သွားတယ်။ ကျွန်တော့် ဖုန်းပဲပေါ့။ ပြီးတော့ ကျွန်တော် အမြဲတမ်း စောင့်နေတဲ့ဖုန်း။

ဟန်နီ့ကို သီချင်းပိတ်ဖို့ ပြောလိုက်တယ်၊ ပြီးတော့ ကျွန်တော့် ကောင်မလေးဆီကလို့ ပြောတော့ သူက အိုကေဆိုပြီး လက်မထောင်ပြတယ်။

ဖုန်းကိုင်လိုက်ပြီး ဟယ်လိုလို့ ပြောလိုက်တော့ ကမ္ဘာမှာ အချိုဆုံးအသံလေးကို ကြားလိုက်ရတယ်။ " မောင် " တဲ့။ " အသဲတုန်းလေး၊ မောင် လွမ်းလိုက်ရတာ အချစ်ရယ် " ဆိုတော့ သူရယ်တယ်။ မောင့်ကို စိတ်ကောက်ပြေပြီလား ဆိုတော့ သိပ်မပြေသေးဘူးဆိုပဲ။ ခဏကြာတော့ သောက်ထားတဲ့ အရှိန်ရယ်၊ လွမ်းတဲ့စိတ်ရယ်နဲ့ ကျွန်တော် ပုံမှန်ထက် စကားတွေ ပိုသွက်နေမိတာကို သူရိပ်မိသွားပြီး မေးတယ်။ ဘယ်ရောက်နေတာလဲတဲ့။

မလိမ်ချင်တာမို့ သူငယ်ချင်းတွေနဲ့ သီချင်း လာဆိုတာလို့ ဖြေလိုက်တယ်။ ဘယ်သူတွေနဲ့လဲတဲ့။ ရုတ်တရက် ကျွန်တော် ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။ ဟန်နီနဲ့ ဆိုပြီး ပြောလိုက်လို့ကတော့ မိုးမီးလောင်မှာ အသေချာပဲ။ ပါးစပ်ထဲတွေ့တဲ့ သူငယ်ချင်းတစ်ယောက် နာမည်ကို ပြောတယ်။

ပြီးတော့ သူမကြိုက်ရင် ချက်ချင်း ပြန်မယ်ဆို တဲ့ အကြောင်းကို ပြောတယ်။ သူကတော့ " နေပါ မောင်ရယ်.. တစ်ခါတစ်လေပဲ၊ သူငယ်ချင်းတွေနဲ့ဆက်ပျော်ပါ " ဆိုပြီး ဖုန်းချသွား တယ်။

ကျွန်တော့်အတွက် အားလုံး ပြည့်စုံသွားပြီ။ အပျော်ပေါ်ကို အပျော်ဆင့်တာပဲလေ။ ဟန်နီ့ကို ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း ပြောပြတယ်။ ပြီးတော့ သီချင်းတွေ အများကြီး ဆက်ဆိုခဲ့လိုက်ကြတယ်။

မနက်ဖြန်ကျ ရင်တော့ ကျွန်တော်ချစ်သော အမျိုးသမီးလေးကို ပန်းစည်းနဲ့ သွားချော့ရမယ် ဆိုတဲ့ အတွေးနဲ့ ညပြန်ရောက်ပြီး အိပ်တာတောင် အိပ်မက်ထဲထိ အပျော်တွေ အပြည့်ပဲ။

ဒါပေမယ့်.. ကျွန်တော် မနက်နိုးတဲ့အချိန်မှာ ဖုန်းထဲမှာ မက်ဆေ့ချ် တစ်ခုက အသင့်စောင့်နေတယ်။

" မောင် သစ္စာ မရှိဘူး " တဲ့။

" ဘုရားရေ.. " ကျွန်တော် ချက်ချင်း သူ့ဆီဖုန်းဆက်တယ်၊ စက်ပိတ်ထားပါတယ်တဲ့။ Facebook ကို ဖွင့်ကြည့်တယ်။ သူ့အကောင့်က ပိတ်ထားတယ်။ Viber ကြည့်လိုက်တော့ 4 Hours ago ၊ သူမ ည ၂ နာရီထိ မအိပ်ခဲ့တဲ့ သဘောပဲ။

ညတုန်းက အကြောင်းကို ပြန်စဉ်းစားတယ်။ နာမည်ပြောလိုက်တဲ့ သူငယ်ချင်းဆီ ဖုန်းဆက်တော့ ထင်တဲ့အတိုင်း သူမ သူ့ကို ဖုန်းဆက်ပြီး မေးခဲ့တယ်။ တိုက်ရိုက် ဟုတ်မဟုတ် မေးတာ မဟုတ်လို့ သူအိမ်မှာ ရှိနေတဲ့အကြောင်းကို ဖြေလိုက်တယ်တဲ့။ ချက်ချင်း သတိရသွားတာက ဟန်နီ။

သူ့ဖေ့ဘုတ်ကို ကြည့်လိုက်တော့ ညတုန်းက သီချင်းဆိုထားတဲ့ ဓာတ်ပုံတွေ။ ကျွန်တော့်ပုံ မပါပေမယ့် သောက်လက်စ ဘီယာခွက်တစ်ခွက်ရယ်၊ ဝိုင်ခွက်တစ်ခွက်ရယ်။ ပြီးတော့ " အပျော်ဆုံးည" ဆိုတဲ့ စတေးတပ် တစ်ကြောင်း။

ကျွန်တော် အရာအားလုံးကို သိလိုက်တယ်.. ဒါပေမယ့် ကျွန်တော့်မှာ ဖြေရှင်းစရာ စကားလုံး မရှိဘူး။ ကျွန်တော် သူ့ကို ချစ်တာ၊ သူ့အပေါ် သစ္စာမဖောက်ခဲ့တာ ကိုတော့ သူသိမှ ဖြစ်မယ်။ ကျွန်တော် သူ့ဆီကို ဖုန်းဆက်တယ်။

တစ်ရက်နှစ်ရက်ကနေ လတွေ ၊နှစ်တွေ ကြာတဲ့အထိ ဘယ်တော့မှ မကိုင်တဲ့ ဖုန်းတစ်လုံးကို ကျွန်တော် အကြိမ်ကြိမ်ဆက်ပြီး ခေါ်တယ်။ တစ်ခါတစ်လေ သူမရှိဘူးလို့ပဲ အမြဲ ဖြေတဲ့ သူ့အိမ်ကို ကျွန်တော်သွားခဲ့တယ်။ သူ့ရဲ့အရိပ်လေးတောင် ကျွန်တော် မမြင်ရတော့ ဘူး။

ဒီလိုနဲ့ပဲ ၂ နှစ်ဆိုတဲ့ အချိန် ကြာလာတယ်။ ကျွန်တော် သစ္စာရှိခဲ့ပါတယ်လို့ သူ့ဖုန်းကို မက်ဆေ့ချ်တွေ ပို့နေတုန်းပဲ။

😢😢😢😢

ဦးတိမ်

Comments