သမီးရည်းစား စုံတွဲတွေ ဘယ်အချိန်မှာ အဆင်မပြေမှုတွေ ဖြစ်တတ်လဲ


သမီးရည်းစား စုံတွဲတွေရဲ့ အဆင်မပြေမှု၊ သံသယ၊ စိတ်အလိုမကျမှု၊ နားလည် မပေးနိုင်မှု၊ ကတောက်ကဆတွေက ဘယ်လို အချိန်မှာ ဖြစ်ပေါ်လာတတ်လဲ သိလား ?

ထပ်တူ မကျမှုကနေ စပြီး ဖြစ်ပေါ်လာတတ်တယ်။

တယောက်ကို တယောက်လည်း ချစ်တယ်။ ကွယ်ရာမှာ ဖောက်ပြန်နေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အပေါ် သူချစ်တဲ့ပုံကို ကိုယ့်ဘက်က အားမလို အားမရဖြစ်တယ် မကျေနပ်နိုင်ဘူး မတင်းတိမ်နိုင်ဘူး။

အဓိကက တယောက်အပေါ် တယောက် ချစ်တဲ့ ပမာဏချင်း ထပ်တူမကျလို့ပဲ။ တနည်းအားဖြင့် အချစ်က တကယ့် life မှာ ဘယ်လောက် အရေးပါသလဲ သတ်မှတ်ထားတဲ့ စံနှုန်းချင်း မတူကြလို့ပဲ။

တဖက်က အချစ်ကသာ ဘဝ နေ့နေ့ညည ချစ်သူအတွက်ပဲ အချိန်ကုန်ချင်တယ်။ အချိန်ပြည့် သူ့အကြောင်းပဲ ခေါင်းထဲ တွေးမယ်။ ၂၄ နာရီ ၇ ရက် ပတ်လုံး ကိုယ့်ချစ်သူကို ကိုယ့်အတွက်ပဲ ရှင်သန်စေချင်တယ်။

တဖက်ကကျ သူ့ရဲ့နေ့စဉ်ဘဝမှာ အချစ်က ၁၀% လောက်ပဲ အရေးပါချင် ပါမယ်။ အလုပ်ကိစ္စ ရှိမယ်။ ပညာရေး လူမှုရေး ဝါသနာ စီးပွားရေး ဒါတွေကို သူ့ရဲ့ ၂၄နာရီမှာ အချိုးကျကျ မျှဝေ သုံးစွဲချင်တယ်။

သူသတ်မှတ်ထားတဲ့ အချစ်အတွက် ၁၀ % ဆိုတာ တဖက်သားအတွက်တော့ အရမ်း နည်းချင်နည်းနေမယ်။ သူ့အတွက်ကတော့ တကယ့်ကို ရှားမှရှားပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးဆပ်ထားတာလို့ မှတ်ယူချင်လည်း မှတ်ယူမယ်။

အဲ့တော့ တနေကုန် ချစ်သူရဲ့ ဂရုစိုက်မှုကို မျှော်လင့်နေတဲ့ သူတစ်ယောက်က သူ့အတွက် ပေးဆပ်တဲ့ အတိုင်းအတာကို အလိုမကျတော့ဘူး မကျေနပ်တော့ဘူး။

တကယ်တမ်း တဖက်သားက သူ့အပေါ် ဂရုစိုက်တယ် ကြင်နာတယ် ဆိုတာ တကယ့်ကို ခဲရာခဲဆစ် ရသလောက် အချိန်လေးမှာ ကိုယ့်ချစ်သူ အနားမှာ နေချင်လို့။

လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းနေတော့ ကိုယ့်လိုမျိုး ထပ်တူမကျတဲ့အခါ အဆင်မပြေမှုတွေ သံသယတွေနဲ့ ပူလောင်ရတယ်။

ကိုယ်ကသာ အချစ်ကို ရာနှုန်းပြည့် ဘဝထဲမှာ ထည့်ထားပေမယ့် တခြားသူက အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ် လို့ ခံယူထားရင် အဲဒါအဆင်မပြေခြင်း လမ်းစပဲ။

အမှန်က ကိုယ့်ကိုမချစ်ဘူး မဟုတ်ဘူး ချစ်တယ် ကိုယ်နဲ့ပဲ အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်။ အလုပ်တွေ အတူလုပ်မယ် မိသားစုဘဝလေး တည်ဆောက်မယ်။ သူသွားချင်နေတာ တကယ့် free flow လေး။

အဲဒါကို ကိုယ်က ငါ့ကိုတော့ ဂရုမစိုက်ပါဘူး။ ငါ့ကိုတော့ ပစ်ထားပါတယ်။ သူများ အတွဲတွေက ဘယ်လိုပါဆိုပြီး တနေ့တနေ့ ကွိုင်ရှာနေရင်တော့ ပြဿနာပဲ။

အဲ့လိုတွေမဖြစ်အောင် အဓိက ငါ့ချစ်သူက ဘယ်လို လူမျိုးလဲ။ သူ့ဘဝမှာ အချစ်က ဘယ်လောက်ထိ အရေးပါတာလဲ

(အချစ်က သိပ် အရေးမပါဘူး ပြောလို့လည်း မပေါက်ကွဲနဲ့။ ၁%ပဲ အရေးပါတယ်ပြောရင် အဲဒီ ၁% ကို ပိုင်ဆိုင်ထားတဲ့ ကိုယ်က ကံကောင်းတာ မဟုတ်ဘူးလား?)

အဲဒါတွေကို အရင်လေ့လာ နားလည်နိုင်အောင် ကြိုးစား။

စတွေ့တုန်းကနဲ့တော့ သွားမနှိုင်းယှဉ်နဲ့။ မဝယ်ရသေးတဲ့ အရုပ်တရုပ်ကို လိုချင်ဇောအားကြီးပြီး သခွပ်ပင်က မီးတကျည်ကျည် လုပ်နေတာနဲ့ ကိုယ်ပိုင်ဆိုင် ပြီးသွားလို့ အိပ်ကပ်ထဲ သိမ်းထားရသလို စိတ်ချသွားတဲ့ အခြေအနေ နှစ်ခု မတူဘူး။

ကိုယ်တိုင်လည်း ချစ်တတ်ပါစေ။.. သူတပါး အချစ်ကိုလည်း ခံယူတတ်ပါစေ...။

sakura 🌸

Comments